နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

တရုတ်က ဘာကြောင့် စစ်တပ်ဖက်ကို လုံးဝရပ်ပြလိုက်တာလဲ?


စစ်အာဏာသိမ်းတဲ့အခါ ပထမဦးဆုံး တရုတ်က စစ်တပ်ကို ထောက်ခံကြောင်းမပြခဲ့ဘူး။ သူတို့နိုင်ငံကို ထိခိုက်နေတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေကို သူတို့က နှိမ်နှင်း ချင်နေတယ်။ ဒါပေမဲ့ ဒီကျားဖြန့်ဂိုဏ်းတွေက ယူနန်နယ်နဲ့ထိစပ်နေတဲ့ ကိုးကန့်နဲ့ “ ဝ” နယ်တွေအပြင် ကရင်ပြည်နယ် ရွှေကုက္ကိုလိုနေရာတွေမှာ ရှိနေတော့ သူတို့အနေနဲ့ တနှစ်တနှစ်ကို အမေရိကန်ဒေါ်လာ ၄-၅ ဘီလီယံလောက် နစ်နာနေပေမဲ့ အခက်တွေ့နေခဲ့တယ်။

မင်းအောင်လှိုင်ကို ဖိအားပေးပြောပေမဲ့ မင်းအောင်လှိုင်က မလှုပ်ဘူး။ သူကလည်း ဝေစုရနေတာကိုး။ ဒီအချိန်မှာ မြောက်ပိုင်းညီနောင်တွေကသူတို့ ကျားဖြန့်တွေကို ကိုးကန့်နယ်က မောင်းထုတ်ပေးမယ်လို့ တရုတ်ကို ကမ်းလှမ်းပြီး တရုတ်ထောက်ခံမှုရအောင်လုပ်ခဲ့တယ်။ တရုတ်အကူအညီယူပြီး တရုတ်စကားနားမထောင်တဲ့ လောက်ကိုင်က ကိုးကန့်မိသားစု (၄) စုကို တိုက်ထုတ်ခဲ့တယ်။ ဒီလိုတိုက်ထုတ်လိုက်နိုင်တာ တရုတ်ဖက်က စစ်ရေးအကူအညီ ပစ္စည်းတွေ ရရှိခဲ့တာလည်းပါတယ်။ အဓိက အကြောင်းကတော့ ကွယ်လွန်သူ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်သား ဖုန်တာရွှင်က ခေါင်းဆောင်ပြီး တိုက်ခဲ့တာကြောင့် ဖြစ်တယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံရေးကို အလှည့်အပြောင်းတခုဖြစ်ဖို့ ကြီးမားတဲ့ တွန်းအားပေးမှု ဖြစ်စေခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဒါပေမဲ့ တရုတ်တွေး ထားတာက သူတို့အနေနဲ့ မြောက်ပိုင်း (၃) ဖွဲ့ အထူးသဖြင့် မြောက်ပိုင်းမှာ အခြေချနေတဲ့ MNDAA နဲ့ TNLA ကို သူတို့ ကြိုးဆွဲတဲ့အတိုင်းကမယ့် သူလိုသလို အသုံးချ အမိန့်ပေးနိုင်မဲ့ သူတို့ရဲ့ Satellite States (လက်အောက်ခံ) နယ်တွေက လက်နက်ကိုင်အဖွဲ့အဖြစ်နဲ့ ယုံကြည်ထားတယ်။ 

တဖက်မှာလည်း စကစကို သူတို့က တဖက်လှည့်နဲ့ ကိုင်ကစားမယ်ပေါ့။ ဒါပေမဲ့ MNDAA, TNLA, AA တို့နဲ့ ဟိုင်ဂင်အစည်းအဝေးမှာ စကစနဲ့တွေ့ပြီး တရုတ် ကမကထလုပ်တဲ့ အပစ်ရပ်ရေးကို ဆွေး‌နွေးခဲ့ကြပေမဲ့ စကစက အပစ်မရပ်၊ ဗုံးကြဲတာတွေ မရပ်တဲ့အတွက် ၁၀၂၇ ဒုတိယ ထိုးစစ် ပြန်စခဲ့တယ်။ MNDAA, TNLAက ဆက်တိုက်နေပြီး AAက လည်း ရခိုင်မှာ မြို့တွေရွာတွေကို ဆက်တိုက်သိမ်းနိုင်လာတယ်။

တရုတ်က လားရှိုးကို မသိမ်းအောင် လှမ်းတားပေမဲ့ MNDAA က လားရှိုးကို သိမ်းလိုက်တယ်၊ တရုတ်-မြန်မာနယ်စပ်မြို့တွေကို မူဆယ်ကလွဲလို့ MNDAA နဲ့ TNLAက ရထားတဲ့အတွက် တရုတ်-မြန်မာကုန်သွယ်ရေးကို ထိခိုက်လာတယ်လို့ တရုတ်က စွပ်စွဲလာတယ်၊ အမှန်က နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်ပစ်တာက တရုတ် ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေး ကျဆင်းအောင်တမင် တဖက်သတ်ပိတ်ခဲ့ပြီး အပစ်ရပ်ဖို့ ဖိအားပေးခဲ့တာပဲ ဖြစ်တယ်၊ လောက်ကိုင်ကို အစောကြီးထဲက လျှပ်စစ်မီး မပေးတော့ပဲ ဖြတ်ပစ်တာရှိတယ်။ တရုတ်က ကိုးကန့်နယ်ကို MNDAA ကရပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ရင် သူတို့အနေနဲ့ စစ်ပွဲကို ရပ်ပြီး စကစကို သူတို့ကျေးဇူးကြောင့် စစ်ကို ရပ်လိုက်တာ ဖြစ်တယ်ဆိုတဲ့ အပေါ်စီးကနေ ဆက်ဆံနိုင်ဖို့ ကြံစည်ထားတဲ့အတိုင်း ဖြစ်မလာဘဲ MNDAA, TNLA တို့က ဆက်တိုက်လာတယ်။

သူတို့အနေနဲ့ စစ်အုပ်စုကို စုပေါင်းအားနဲ့ ဖြုတ်ချနိုင်မှ သူတို့နယ်မြေတွေရေရှည်မှာ အေးချမ်းစွာ နေနိုင်မယ်ဆိုတာ MNDAA, TNLA တို့က နားလည်တယ်။ ဒါပေမဲ့ တရုတ်က မြန်မာနိုင်ငံတွင်းကို သူတို့က အစဥ်ဗိုလ်ကျ စိုးမိုးနိုင်ရေးကိုသာ ဇောင်းပေးခဲ့တယ်၊ တရုတ်‌ ပြောနေတဲ့ မြန်မာပြည်သူ တွေကို မျက်နှာမူပါတယ်ဆိုတာ အနှစ်သာရမရှိတဲ့ စကားဆိုတာ ထင်ရှားသွားတယ်။

တရုတ်‌မျက်နှာမူနေတာက စစ်အုပ်စု မပြုတ်ကျရေး သာဖြစ်တယ်၊ တရုတ်အဓိက စိုးရိမ်တာက မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ဖြစ်သွားမှာြဖစ်တယ်၊ ဒီလိုဖြစ်လာရင် မြန်မာနိုင်ငံဟာ တရုတ်ထက် အနောက်အုပ်စုနဲ့အပြင် မြန်မာနဲ့အိမ်နီးခြင်း တရုတ်နဲ့ ပြိုင်ဖက်ဖြစ်တဲ့ အိန္ဒိယနဲ့ပါ နီးစပ်သွားမယ်၊။

ရုရှားသမတ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ အိမ်နီးချင်း ယူကရိန်းက နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်တာကို မလိုလားဘူး သူက အာဏာရှင်တ‌ယောက်ဖြစ်ပြီး သူ့အိမ်နီးချင်းက ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံ ဖြစ်လာမှာကြောင့် သူ့ကို ချိမ်း‌ခြောက်မှုအဖြစ် မြင်တယ်၊ ဒီလိုပဲ တရုတ်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်လာရင် သူ့ကိုချိန်းခြောက်မှုအဖြစ် မြင်တယ်။

ဒီမိုကရေစီလိုလားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ NUGတို့က သူတို့ဟာ ဘက်မလိုက် နိုင်ငံအဖြစ် နေပါ့မယ် အမေရိကန်နဲ့ တရုတ် ဘယ်ဖက်မှ မလိုက်ပါဘူးဆိုဆို တရုတ်ကြီးက သိပေမဲ့ မယုံဘူး သူတို့လိုချင်တာက ဘက်မလိုက် နိုင်ငံအဖြစ်မဟုတ်ဘူး တရုတ် လက်အောက်ခံနိုင်ငံအဆင့်လည်း မဟုတ်ဘူး တရုတ်ကြိုးဆွဲတဲ့ နိုင်ငံဖြစ်လာရေးပဲ ဖြစ်တယ်။ လွတ်လပ်တဲ့ဘက်မလိုက် နိုင်ငံအဖြစ် ရပ်တည်တာထက် သူတို့အလိုအတိုင်းလိုက်ပြီး သူတို့တောင်းဆိုသမျှ လိုက်နာပြီး သူတို့ကြိုးကိုင် ထားနိုင်တဲ့ လက်အောက်ခံထက် တဆင့်ပဲ မြင့်တဲ့ ကြိုးဆွဲရာ ကပေးမဲ့ နိုင်ငံတစ်ခု အနေနဲ့သာ မြန်မာနိုင်ငံကို ထားချင်တယ်။

ဒီလိုထားနိုင်တဲ့ အစိုးရမျိုးက စစ်တပ်အုပ်ချုပ်တဲ့ စစ်တပ်ဦးစီးတဲ့ အစိုးရမျိုးကိုသာ သူတို့လိုသလို ကစားနိုင်တယ်။ ဒါကြောင့် အရင်က သူတို့အနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်မစွက်ပါဘူးဆိုပြီး အသံကောင်းဟစ်ပြီး ကြားနေလို နေပြပေမဲ့ နေလို့မရတော့ဘဲ အစွယ်ထုတ် ပြလာတာဖြစ်တယ်။

နောက်တချက်ကလည်း မကြာခင်က လေးနိုင်ငံ အစည်းအဝေး QUAD ကို အမေရိကန်က ဦးစီးကျင်းပသွားတယ်။ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယတို့ ပါဝင်တဲ့ အစည်းအဝေးက အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်လွှမ်းမိုးမလာအောင် ထိန်းညှိရေး၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ရန်လိုမှုများကို စောင့်ကြည့်ရေးပါသလို ကမ္ဘာမှာ ဒီမိုကရေစီ ထွန်းကားလာရေးကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်။ ကမ္ဘာမှာ ဒီမိုကရေစီ ခိုင်မာလာရေးနဲ့ ပေါ်ထွန်းလာရေးကို ဆွေးနွေးခဲ့ကြပြီး အိန္ဒိယနိုင်ငံက အစည်းအဝေးပွဲအပြီးမှာ မြန်မာတော်လှန်ရေးသမားတွေနဲ့ ဖက်ဒရယ်အရေးကိစ္စ ဆွေးနွေးဖို့ ဖိတ်ခေါ် ခဲ့တယ်။


ဒီလို ပထဝီနိုင်ငံရေး (Geo Politic) အရ အာရှအင်အားကြီးနှစ်နိုင်ငံ မြန်မာပြည်အရေးမှာ ပါဝင်လာတယ်။ အိန္ဒိယက ဘယ်လိုကစားမလဲဆိုတာ အရေးကြီးတယ်။ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် ဆွေးနွေးမယ်ဆိုတဲ့အတွက် တရုတ်လို မြန်မာနိုင်ငံ တသားတည်း ဖြစ်ရေးကိုအစဥ် ဦးစားပေးတယ် စစ်အုပ်စုကိုအားပေးမယ် ဆိုတာမျိုးတော့ မဟုတ်လောက်ဘူးလို့ မြင်မိတယ်။ အိန္ဒိယက ဖိတ်တဲ့ အထဲမှာ အဓိက AA, KIA, NUG အပြင် ချင်းတော်လှန်ရေး အဖွဲ့ CB နဲ့ CC (CNF) တို့လဲ ပါနေတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေ ချိန်ခွင်လျှာဟာ ရုတ်ချည်း‌ ပြောင်းလဲလာတယ် ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဒုတိယအင်အားကြီး နိုင်ငံဖြစ်လာတဲ့ တရုတ်က စစ်ကောင်စီ နောက်ကနေ‌ ပြောင်ပြောင်တင်းတင်း ရပ်ပြလိုက်တဲ့အတွက်ပဲ ဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီဟာ တရုတ်နောက်ခံပေးမှုနဲ့ ခိုင်သွားနိုင်ခြေများသွားပြီ ဖြစ်တာဟာ ပကတိ အခြေအနေပဲ ဖြစ်တယ်။ ဒီလိုအခြေအနေဟာ မြန်မာြပည်အတွက်ရော တော်လှန်ရေးအင်အားစုတွေ အားလုံးအတွက်ရော လုံးဝမကောင်းတဲ့ အခြေအနေ ဖြစ်တယ်။

တရုတ်က သူတို့ စစ်အုပ်စုကို ထောက်ခံတယ်ဆိုတာကလည်း ‌ချောက်စား ဟောက်စား လုပ်တာ ဖြစ်နိုင် သေးတယ်။ ဘာကြောင့်လဲဆိုရင် ကိုးကန့်၊ ဝ နဲ့ ကရင်ပြည်နယ် ရွှေကုဣိုတို့မှာ ကျားဖြန့် လုပ်ငန်းတွေ ရပ်တန့်နိုင်ဖို့ တရုတ်က မြန်မာပြည်ထဲကို မဝင်နိုင်ဘူး။ ဒါကြောင့် သူတို့က ပြည်တွင်းက လက်နက်ကိုင်တွေကို ဖိအားပေးတာ၊ ထောက်ပံ့ပေးတာမျိုးလုပ်ပြီး လိုချင်တာကို ရအောင်ကြိုးစား ယူရတယ်။ မြန်မာပြည်ထဲကို သူတို့ကိုယ်တိုင် ပေါ်ထင်ဝင် မတိုက်နိုင်ဘူး မကျူးကျော်ရဲဘူး ဘာကြောင့်လဲဆိုတော့ သူတို့က ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့နိုင်ငံတခုကို ကျူးကျော်တယ် ဆိုတဲ့အမြင်ကို ကမ္ဘာ့နိုင်ငံတွေက မြင်သွားမှာကြောင့်လို့ မြင်မိတယ်။ သူတို့ အာရှ၊ အာဖရိကနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေကို စည်းရုံးနေတာ နောက်ပြန်အကျိုး သက်ရောက်သွားမှာကို မလိုလားတာကြောင့် ဖြစ်တယ်။

ဒါကြောင့် တရုတ်က TNLA, MNDAA, UWSA, NDAA တို့ကို သူတို့လုပ်နိုင်တာက သူတို့ပြောနေတဲ့ ဖြတ် (၅) ဖြတ်နဲ့ ပိတ်ဆို့ရေးသာ လုပ်နိုင်တယ်။ ဒါပေမဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက မိမိတို့လိုအပ်တဲ့ လက်နက်ခဲ့ယမ်းတွေကို တရုတ်-မြန်မာရဲ့ ၁၃၇၅ မိုင် ရှည်လျားတဲ့ နယ်စပ်တလျှောက် လမ်းကြောင်းများစွာက ရနိုင်သလို ထိုင်းနိုင်ငံကလည်း ရရှိနိုင်ပါတယ်။ တရုတ်ကုန်သည်တွေဟာ အကျိုးအမြတ်ရရင် ဘာမဆို လုပ်ဝံ့သူများ ဖြစ်ပါတယ်။ နောက်တချက် သိထားဖို့က တရုတ်ဗဟိုအစိုးရက နယ်စပ်‌ ကုန်သွယ်ရေးကို ပိတ်ထားတဲ့အတွက် ‌မြောက်ပိုင်း ညီနောင်တွေ အကျပ်အတည်းတွေ့တာမှန်ပေမဲ့ တကယ် အကျပ်အတည်း တွေ့ကြသူတွေက ယူနန်နယ်က ကုန်သည်တွေနဲ့ ပြည်သူတွေဖြစ်တယ်။ ယူနန်မှာလဲ စားကုန်သောက်ကုန်တွေ ပြတ်လတ်ပြီး ကုန်ဈေးနှုန်း တက်လာပြီး အများကြီး ထိခိုက်နေတယ်။ ဒီနေရာမှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ပိတ်လိုက်တော့ ထိုင်းကုန်သည်ကြီးများအသင်းက ထိုင်းအစိုးရကို ဖိအားပေးပြီး အမြန်ဆုံး ညှိနှိုင်းခိုင်းတယ် ဘာကြောင့်လဲ ဆိုတော့ သူတို့က မြန်မာပြည်က ဈေးချိုချိုနဲ့ရနေတဲ့ စားကုန်တွေ မရတော့တဲ့အတွက် နေ့စဥ် ဒေါ်လာငွေသန်းနဲ့ချီ နစ်နာ နေတာကြောင့် ဖြစ်တယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးက ထိုင်း-မြန်မာ ကုန်သွယ်ရေးထက် ပမဏပိုကြီးတယ်၊ ဒါကြောင့် တရုတ်ကုန်သည်ကြီးတွေအပေါ် အများကြီး ထိခိုက်နေတယ်။

ဒါကြောင့် TNLA, MNDAA, UWSA, NDAAတို့အနေနဲ့ စစ်အုပ်စုပြုတ်ကျရေးကို တရုတ်ခြိမ်းခြောက်တာကြောင့် နောက်ပြန်ဆုတ် အလျော့ပေးစရာမလိုဘဲ မိမိတို့ မူလရည်မှန်းချက် ဖြစ်တဲ့ စစ်အုပ်စု ပြုတ်ကျရေးကို မျက်ခြေပြတ်မခံဘဲ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ စားနပ်ရိက္ခာ လိုအပ်ချက်ကို ပြည်တွင်း တော်လှန်ရေးအဖွဲ့တွေဆီက ချိတ်ဆက်ရယူနိုင်ပါတယ်။

ဒီလိုမဟုတ်ဘဲ တရုတ်အလိုကျ စစ်ရပ်ပြီး စစ်ကောင်စီနဲ့ တရုတ်ကြားခံထားပြီး ငြိမ်းချမ်းရေး ယူမယ်ဆိုရင် စစ်အုပ်စုအောက်က ဘယ်တော့မှ လွတ်မှာ မဟုတ်သလို တရုတ်လက်အောက် မှီခိုခံ ဘဝကလည်း ဘယ်တော့မှ လွတ်မှာမဟုတ်ဘူးဆိုတာ သိမြင်နိုင်ဖို့ အလွန်အရေးကြီး ပါတယ်။

ဗမာလူမျိုးတွေအနေနဲ့ အထူးသဖြင့် အညာသားတွေ အောက်သားတွေအနေနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ ကြိုးစားရမယ်၊ တပ်စုဖွဲ့မယ်ဆိုရင် အဖွဲ့ကြီးငယ်မရွေး အပြန်အလှန်လေးစားမှုနဲ့ စတင်ညှိနှိုင်း ကြဖို့လိုတယ်။ NUG ရဲ့ PDFတွေနဲ့ ဒေသခံ LDFတွေ ရဲဘော်ရဲဘက်စိတ်ကို မွေးမြူကြပြီး ညီညွတ်ရေးကို လက်တွေ့ဖော်ဆောင်နိုင်ကြဖို့လိုပြီ။

တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့‌ မြောက်ပိုင်းမဟာမိတ် TNLA, MNDAA, UWSA, NDAA တို့နဲ့ ကရင်နီတော်လှန်ရေးအဖွဲ့အစည်း KNDF, ကရင်ပြည်နယ်က KNU, KNLA တို့ရယ်၊ အနောက်ဖက်က ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ ချင်းညီနောင်နဲ့ ချင်းကောင်စီတို့အပြင် ရခိုင်မှာအောင်ပွဲခံနေတဲ့ AA/ULA တို့အားလုံး ဘုံရန်သူစကစကို တိုက်ဖို့ ငါတို့မှာ ငါတို့ပဲရှိတယ် ငါတို့အနာဂါတ်မှာ ငြိမ်းချမ်းစွာ နေနိုင်ဖို့ လွတ်လပ်စွာရှင်သန်နိုင်ဖို့ အားလုံးညီညွတ်ကြမှ ဖြစ်မယ်ဆိုပြီး မာန်မာနတွေချ၊ ပြည်သူတွေရဲ့ မျက်နှာကိုကြည့်ပြီး အချိန်မီ ပူပေါင်းကြကာ တပ်ပေါင်းစုကြီးကို ဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 12 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
နိုင်ငံတကာသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 12 Views
မေလ (၁၅)ရက်။ မနေ့က တောင်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ SAC-M အဖွဲ့ဝင် Professor Yanghee Lee
မြန်မာသတင်း

ဘုရားသုံးဆူတွင် စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ မေလ ၁၅ ရက် ဘုရားသုံးဆူတွင် ကျားဖြန့်များ ရှိနေမှုကြောင့် ထိုင်းအစိုးရက နယ်စပ်ကို ပိတ်ခဲ့ပြီး လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီများကိုလည်း ပိတ်ပင်လိုက်ကြောင်း ထိုင်းဖက်မှ လူသိရှင်ကြား ကြေညာခဲ့သောကြောင့် ဘုရားသုံးဆူလူထုမှာ ဒုက္ခရောက်နေကြသည်ဟု သိရှိရသည်။
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက အပစ်ရပ်ကာလဆိုပြီး ကြေညာထားတဲ့ ဧပြီလ (၃)ရက်နေ့ကနေ မေလ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်း သိမ်းပိုက်ရရှိခဲ့တာကို KNU အတည်ပြုထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၁၃)ရက်နေ့က ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဗျူဟာစခန်းဟာ ပိုင်ကျုံမြို့၊ ကာတဲကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ(၂၄)နဲ့ အမြောက်တပ်
မြန်မာသတင်း

မြိုင်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ(၂၅၄)တပ် တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 15 Views
မေလ (၁၅)ရက်။ အခုလဆန်းပိုင်းက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မေလ(၁)ရက်နေ့က မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၁၀၁)က ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို လိုက်လံချေမှုန်းခဲ့တာ။
မြန်မာသတင်း

အခုလ (၂)ပတ်ထဲ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 26 Views
မေလ (၁၄)ရက်။ မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂၉)ဦးနဲ့ အမျိုးသမီး (၃၈)ဦးဖြစ်ကာ
မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 20 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သေဆုံးဦးရေ ထပ်တိုးတာက ဒဏ်ရာရတဲ့ ကလေးတွေထဲက (၈)နှစ်အရွယ် G-2