အောက်တိုဘာလ (၁၃)ရက်။
ခွန်ဥက္ကာ ဦးစီးဖွဲ့စည်းတဲ့ အပစ်ရပ် PNLO ဟာ တရားမဝင်သလို အဖွဲ့ချုပ်နာမည် အသုံးပြုတာကို ခွင့်မပြုဘဲ ဆန့်ကျင်ကန့်ကွက်တယ်လို့ PNLO/PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် တွဲဖက်အတွင်းရေးမှူးတွေဖြစ်တဲ့ ဗိုလ်မှူး ခွန်မင်းသိန်းနဲ့ နန်းယဉ်ယဉ်စိုးတို့ဟာ စက်တင်ဘာလထဲမှာ အဖွဲ့ချုပ်ကနေ နှုတ်ထွက်ကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် သူတို့ (၃)ဦးကို နုတ်ထွက်ခွင့်ပြုတာ အတည်မပြုခင် PNLO နာမည်ကို အသုံးပြုပြီး အောက်တိုဘာလ (၉)ရက်နေ့မှာ PNLO-NCA-S ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
ဒီလိုဖွဲ့စည်းတာဟာ PNLO အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်ပြီး အရေးပေါ်အစည်းအဝေး ကျင်းပကာ သူတို့ (၃)ဦးကို ရာထူးနဲ့တာဝန် ရုပ်သိမ်းပြီး တပ်ဖွဲ့ဝင်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ဩဇာညောင်းတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းဟာ (၈)နှစ်တိုင်တိုင် မျှော်လင့်ချက်ကြီးစွာနဲ့ စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့ပေမယ့် အာမခံချက်ရှိတဲ့ နိုင်ငံရေးရလဒ်တွေ မရရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စစ်ကောင်စီက လက်နက်အားကိူးနဲ့ ဖျက်ဆီးနေတာကြောင့် ပအိုဝ်းအမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူတွေနဲ့အညီ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြန်လည်ဆင်နွှဲတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။