စက်တင်ဘာလ (၁၄)ရက်။
ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ရည်ရွယ်ပြီး လေလံတင်ရောင်းချတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ် ကျပ်သိန်း (၃၇၀)ထိ ရရှိထားတယ်လို့ ထွန်းထွန်းမင်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချံပီယံ ခါးပတ်ကို ပြည်တွင်းမှာ မြန်မာလူငယ်ပညာရှင်တွေ မွေးထုတ်ပေးနေတဲ့ နည်းပညာ ကောလိပ်တစ်ခုက ကျပ်သိန်း (၃၇၀)နဲ့ လေလံဈေးပေး ကမ်းလှမ်းပါတယ်။ ဒီအလှူမှာ ပါဝင်ပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ပါတယ်” လို့ သူက ဆိုပါတယ်။
ထွန်းထွန်းမင်းဟာ သူ့ရဲ့ ပထမဆုံးရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် လေလံတင်ရောင်းချတာဖြစ်ပြီး လေလံကြမ်းခင်းဈေးအနေနဲ့ ကျပ်သိန်း (၅၀၀) သတ်မှတ်ထားပါတယ်။
“ ဒီခါးပတ်ကိုရရှိဖို့ ကျွန်တော့ရဲ့အသက်နဲ့ရင်းပြီး
ကြိုးစားခဲ့သလို ကျွန်တော် တန်ဖိုးထားမြတ်နိုးတဲ့ ခါးပတ်ဖြစ်နေပေမယ့် ရေဘေးသင့်ပြည်သူတွေနဲ့ ယှဥ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး၊ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီခါးပတ်ရဲ့ လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ချန်ပီယံခါးပတ် လေလံပွဲကနေ ရရှိလာတဲ့ အလှူငွေအားလုံးကို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်ပြီး လေလံပွဲကို ပါ၀င်အားဖြည့်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ် လေလံပွဲကို စက်တင်ဘာလ (၁၃)ရက်နေ့ကစပြီး (၂၀)ရက်နေ့အထိ သတ်မှတ်ထားကာ လေလံနောက်ဆုံးရက်ရဲ့ နံနက် (၁၀)နာရီအချိန် သိမ်ဖြူလက်ဝှေ့ရုံမှာ ဈေးအများဆုံးပေးနိုင်သူကို ခါးပတ်ပေးအပ်သွားမယ်လို့ သိရပါတယ်။