နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

အယ်ဒီတာအာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို ပစ်သတ်တာတွေကိုလုပ်ခဲ့တယ်လို့ ရွာသားတွေက ထွက်ဆိုကြတယ်။

ဒီလိုဖြစ်ပျက်ခဲ့တာကို မင်းအောင်လှိုင်က-

“အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့လက်လွတ်ခဲ့ရသော မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်းများသည် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များ ပျက်စီးအောင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်း” သူ့မိန့်ခွန်းထဲမှာ ပြောခဲ့တယ်။

ကျေးရွာသားတွေက သူတို့ စွန့်ခွာပြေးတဲ့ သူတို့မြို့ရွာတွေကို သူတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ကိုယ်မြို့ရွာကို အသက်သေမှာစိုးလို့ အသတ်ခံရမှာစိုးလို့ လက်လွတ်ထွက်ပြေးကြတဲ့သူတွေဟာ မိမိရွာတွေကို တသက်လုံး ပြန်မလာတော့ဘူးဆိုတဲ့အနေနဲ့ ထွက်ပြေးကြတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ် စစ်တပ် အကြမ်းဖက်ခံရမှာစိုးလို့ ခေတ္တရှောင်တဲ့သဘောဖြစ်ပြီး အကြမ်းဖက်တပ် ပြန်ထွက်သွားတာနဲ့ မိမိအိမ်ယာကို ပြန်လာနေကြမှာဖြစ်တယ်။ ဒါကြောင့် ရွာသားတွေက ကိုယ်ရွာကိုယ်မီးရှို့ခဲ့တယ်ဆိုတာ မင်းအောင်လှိုင်က ဗြောင်လိမ်လိုက်တာ မိမိစစ်တပ်လုပ်ရပ်ကို ကာကွယ်ပြီး ရွာသားတွေကို သူတို့ကျူးလွန်တဲ့အမှုကို အပစ်ပုံချပြီး ဖုံးကွယ်လိုက်တာသာ ဖြစ်ပါတယ်။ တကယ့်သေးသိမ် အောက်တန်းကျစွာ ကျူးလွန်ခဲ့တာက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တာဖြစ်တယ်။

မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ အချက်တွေထဲက တချို့ကိုပဲ အဓိကထား ပြောသွားပါ့မယ်။ သူက “နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေရန်အတွက် အကြမ်းဖက်သမားများအနေဖြင့် နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း” လို့ပြောသွားတယ်။ ဒီလိုပြောရတဲ့အကြောင်းကလည်း စစ်တပ်ဟာ နယ်စပ်ကုန်သွယ်ရေးကနေ နှစ်စဉ် ဘီလီယံနဲ့ချီပြီး ဝင်ငွေရရှိနေပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့က တရုတ်နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်လိုက်တာရယ်၊ အေအေက ပလက်ဝကို ထိန်းချုပ်လိုက်တာ တွေကြောင့် သူတို့ဝင်ငွေတွေ ထိခိုက်လာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို အမည်တပ်မပြောရဲတာကို တွေ့ရတာ ညီနောင်၃ဖွဲ့ကို လက်ရှောင်တယ်လို့ ယူဆတယ်။

သူပြောတဲ့အထဲမှာ ရွှေဈေးနဲ့ နိုင်ငံခြား ငွေလဲလှယ်ခြင်းတို့မှာ ရွှေနဲ့အမေရိကန် ဒေါ်လာဈေး အဆမတန် တက်လာတာဟာ ဝိသမစီးပွားရေး သမားများကြောင့်လို့ အပြစ်ပုံချလိုက်ပြန်တာဟာ သူ့အရင် စစ်ခေါင်းဆောင်များ စီးပွားရေးကို မကိုင်တွယ်နိုင်တိုင်း စီးပွားရေးသမားတွေကို အပစ်ပုံချတဲ့ အမူအကျင့်ပဲ ဖြစ်ပါတယ်။ သူတို့မှာ သူတို့ အသုံးမကျတာ၊ သူတို့ မကျွမ်းကျင်ဘဲ စီးပွားရေးကိစ္စတွေမှာ ဝင်ရောက်ချယ်လှယ်ပြီး တတ်ယောင်ကား လုပ်နေလို့ တိုင်းပြည်စီးပွားရေး ကျဆင်းလာတာကို တရားခံရှာပြီး ရွှေဈေးတက်ရင် ရွှေကုန်သည်တွေကိုဖမ်း၊ စပါးဈေးတက်ရင် ဆန်ကုန်သည်တွေကို ဖမ်းပြီး ဒီလူတွေဟာ တရားခံတွေပါပဲ သူတို့ မဟုတ်ပါဘူးလို့ သူတို့အရည်အချင်းမရှိတာကို ဖုံးကွယ်ပြီး လက်ညှိးထိုးပြ လိုက်တာထက် မပိုပါဘူး။

မင်းအောင်လှိုင်က “ဧပြီလအတွင်း ရွှေဈေးနှင့်ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာသည်ကို တွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း” သူ့မိန့်ခွန်းထဲမှာ ပြောခဲ့ပြီး နောက်ရွှေကုန်သည်တွေကို ဖမ်းတော့တာပဲ။ သူ့မိန့်ခွန်းထဲမှာ “နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ အိမ်ယာမြေဝယ်ယူခြင်းနှင့်ပတ်သက်၍လည်း တရားမဝင် ရရှိလာသည့်ငွေကြေးများဖြင့် ပြည်ပနိုင်ငံများတွင် အိမ်ယာမြေဝယ်ယူခြင်းများ လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့် စည်းကမ်း ဥပဒေနှင့်အညီ စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း” ပြောခဲ့ပါတယ်။

ဒီအချက်တွေက တိုင်းပြည်စီးပွားရေး ကျဆင်းလာတာဟာ သူအာဏာသိမ်းမှုကြောင့်ဆိုတာကို ဝန်မခံရဲတဲ့ သတ္တိကြောင်သူတယောက် ဖြစ်ကြောင်း ပြောလိုက်တာပဲ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးဟာ ပြန်လည်ဦးမော့လာတယ်ဆိုတာ မမှန်ပါဘူး။ ဆက်လက်ကျဆင်းနေဆဲဖြစ်တယ်။ တဆက်တည်း ထောက်ပြလိုတာက သူ့အေးဂျင့် တယောက်ဖြစ်တဲ့ ထွန်းမင်းလတ်ကို ဘန်ကောက်မြို့မှာ ထိုင်းကွန်ဒိုတွေကို မင်းအောင်လှိုင်သားနဲ့ သမီး နာမည်တွေနဲ့ ဝယ်ထားတဲ့ အထောက်အထားတွေကို ဖမ်းမိခဲ့တယ်။ ဒီအချက်က ခေါင်ကနေ မိုးယိုနေတယ်ဆိုတာကို လက်တွေ့ပြလိုက်တာ ဖြစ်တယ်။ သူ့သားသမီးတွေ လျှို့ဝှက် ဝယ်ယူထားတာတွေ ပေါ်သွားပေမဲ့ ဝယ်ပေးတဲ့ ထွန်းမင်းလတ်ရော၊ သူ့သားနဲ့သမီးကိုရော အရေးယူခံရတာ မရှိဘူး။ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သာမန်လူတွေ ရောင်းဝယ်တာလုပ်တော့ ဖမ်းဆီးတယ်ဆိုတာ နိုင်ငံတွင်းမှာ တရားဥပဒေ ကင်းမဲ့နေကြောင်း မတရားဥပဒေတွေပဲ ရှိကြောင်း ဖော်ပြလိုက်တာ ဖြစ်တယ်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင် MNDAA နဲ့ TNLAကိုရည်ညွှန်းပြီးသူက “ပြည်ထောင်စု အကျိုးကိုကြည့်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်သည်မှအပ ၎င်းတို့၏ တပ်စခန်းများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မကြာမီကာလအတွင်း နိုင်ငံရေးပါတီများ၊ သဘောတူစာချုပ်လက်မှတ် ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။ ဒီအချက်က ဘာကိုပြသလဲဆိုတော့ သူတို့တိုက်မနိုင်လို့ အပစ်ရပ်ထားတယ်ဆိုတာ ဝန်ခံချက်တခု ဖြစ်ပါတယ်။

သူက “ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက် ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့်တည်ဆောက်ရေး ဆောင်ရွက်နေတယ်” လို့ ဆိုပါတယ်။ ဒီနေရာမှာ “ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး” ဆိုတာ ဘာလဲလို့မေးရမှာပါ။ ငါတို့တပ်ကချပေးတဲ့ စည်းကမ်းတွေကို အပြည့်အဝ လိုက်နာရခြင်းကို ဒီမိုကရေစီလို့ ပြောချင်တာလား။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ပြောချင်တယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက ဖက်ဒရယ်စနစ်မဟုတ်တဲ့အတွက် ဖျက်သိမ်းမယ်၊ အသစ်ပြန်ရေးကြမယ်လို့ ပြောရဲလား အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်ဆိုရင် ၂၀၀၈ ကို ပထမဦးဆုံး ဖျက်ပစ်ရမှာ ဖြစ်တယ်။

မင်းအောင်လှိုင်က “၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက် ဖြစ်ခဲ့ရသည့်အဖြစ်မျိုး ထပ်မံမဖြစ်စေရေးအဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ဆိုတယ် နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက် ဖြစ်ခဲ့ရတဲ့အဖြစ်မျိုးဆိုတာကို ပြောရမယ်ဆိုရင် ၂၀၀၈ တွင် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီနဲ့ ရခိုင်မှာ ပြည်သူသိန်းနှင့်ချီ သေဆုံးပြီး သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာကို လျစ်လျူရှုပြီး ကုတင် ၅၀၀ ဆန့် အမေရိကန်နဲ့ ပြင်သစ် စစ်သင်္ဘောကြီးများက လေဘေးဒုက္ခသည်များကို လာရောက်ကယ်တင်ခွင့်တောင်းခြင်းကို ဗိုလ်သန်းရွှေက ငြင်းပယ်ခဲ့ပြီး အသက်ရှင်ပြီး ပင်လယ်တွင်းမြောနေသူများ ကမ်းတင်နေသူများကို သေဆုံးစေခဲ့သလို ပြည်သူတွေ သေဆုံးနေတဲ့အချိန် ဒုက္ခတွေ ရောက်နေချိန် ဇွတ်အတင်း အတည်ပြုခဲ့တဲ့ ၂၀၀၈ ခြေဥကို ပြည်သူ 93.82% က ထောက်ခံခဲ့ပါတယ်ဆိုတဲ့ ဂျင်းထည့်ပြီး အတည်ပြုခြင်းဟာ နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားတဲ့ အမည်းစက်ကြီးတခုကို စစ်ခေါင်းဆောင်များက ဗြောင်ကျူးလွန်ခဲ့ခြင်းပဲ ဖြစ်တယ်။

မင်းအောင်လှိုင်က ဆက်လက်ပြီး “ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အညီ ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်သွားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် မိမိတို့၏ အန္နိမရည်မှန်းချက်ပင်ဖြစ်သည့်အတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဒီအချက်ကလည်း ၂၀၀၈ ခြေဥကို သူ့အနေနှင့် ချိုးဖောက်ပြီး အာဏာသိမ်းခဲ့လင့်ကစား ၂၀၀၈ ခြေဥနှင့်အညီဆိုသည့် အရှက်မဲ့စကားကို တွင်တွင်ဆက်လက်ပြောကြား နေရမည်သာ ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ သူရဲ့အန္နိမရည်မှန်းချက်ဆိုတာ ငြင်းစရာ မရှိပါ။ အဲ့ဒီရွေးကောက်ပွဲဟာ သူ့ရဲ့ထွက်ပေါက်ဖြစ်ပြီး ဒီရွေးကောက်ပွဲကနေ သူက သမတ တက်လုပ်မဲ့သူ ဖြစ်လို့ပါ။

မင်းအောင်လှိုင် ပြောကြားချက်များထဲတွင် အဆိုးဝါးဆုံးအချက်မှာ လက်နက်အားကိုးနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံတဲ့ ပြည်သူတွေကို စော်ကားမော်ကား ပြောဆိုလိုက်တာပဲ ဖြစ်တယ်။ မင်းအောင်လှိုင်က “တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အခြားဒေသတွင် နေထိုင်သူများက လာရောက် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ မိမိဒေသကို ဖျက်ဆီးနေသူများ ဖြစ်ကြောင်း၊ ဥပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း—-” ပြောခဲ့ပါတယ်။

အမှန်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့ကြတဲ့ လူထုကြီး တရပ်လုံးကို စော်ကားလိုက်တာ ဖြစ်ပြီး မိမိတို့ ဘိုးဘွားဘီဘင် လက်ထက်ထဲက နေထိုင်လာတဲ့ သူတို့ရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တိုက်ခိုက် ရွာသားတွေကို နှိပ်စက်သတ်ဖြတ် အိမ်တွေကို မီးတိုက်နေတာ စကစတပ်တွေပဲ ဖြစ်တယ်။ ကိုယ့်ဒေသကို ကိုယ်ကကာကွယ်တာကို အကြမ်းဖက်ဝင်တိုက်သူတွေက သူတို့ကို အကြမ်းဖက်ပါတယ် ဆိုတာက ငပြူးက ပြဲပြနေသလိုပါပဲ။ ပြည်သူကပေးတဲ့ အခွန်နဲ့စားနေတဲ့ ဝန်ထမ်းတွေဖြစ်တဲ့ တပ်ဗိုလ်ချုပ်တွေကသာ အရိပ်နေနေအခက်ချိုးချိုး ကိုယ့်ပြည်သူကို အကြမ်းဖက်နေတာ ဖြစ်တယ်။ ဒီလို လူ့ငနွားတွေက ဘာမဆိုလိမ်ရဲတယ် လုပ်ရဲတယ် ဒီလိုလုပ်တဲ့အတွက်၊ ဒီလိုပြောတဲ့အတွက်၊ သူတို့မှာ ရှက်စရာကောင်းတယ်ဆိုတဲ့ အသိတရားတောင် မရှိတာ အလွန်အံ့သြစရာဖြစ်ပြီး အောက်တန်းကျလွန်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုကို လူထုအားနဲ့ တွန်းလှန်တိုက်ဖျက်နေခြင်းသာဖြစ်တယ်။

မင်းအောင်လှိုင်က ဆက်ပြောတယ် “နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍသည် အရေးကြီးကြောင်း၊ ကိုယ့်ကိုကိုယ်ပညာမတတ်အောင် လုပ်ဆောင်ခြင်းသည် ကိုယ်ကိုကိုယ် ဖျက်ဆီးခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို ဖျက်ဆီးနေသည့် လုပ်ရပ်ထက် အောက်တန်းကျသော လုပ်ရပ် မရှိကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများကို ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ် များစွာရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတွင် ပညာမတတ်သူများလာပါက နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျသွားနိုင်ကြောင်း၊ အလားတူအတန်းပညာများ ရှိရန်လိုသကဲ့သို့ စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန် လိုကြောင်း” သူ့ကိုယ်သူ စေတနာရှင်ကြီး တိုင်းပြည်ချစ်တဲ့သူကြီး တိုင်းပြည်တိုးတက်တာကို မြင်ချင်တဲ့သူကြီး ပုံစံချိုး ပြောနေတာ အလွန်မှပဲ ဟာသမြောက်ပါတယ်။

၁၉၆၂ ခုနှစ်၊ စစ်အာဏာမသိမ်းခင် မြန်မာနိုင်ငံဟာ ရန်ကုန် ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတွေက ပညာတော်သင်တွေ လာရောက်တက်ရတဲ့အထိ ပညာရေးမှာ ထိပ်တန်းက နေရှိခဲ့သလို တိုင်းပြည်မှာလည်း စီးပွားရေးတောင့်တင်းပြီး အရံရွှေတန်ချိန် ရာနဲ့ချီ ကမ္ဘာ့ဘဏ်တွေမှာ အပ်နှံထားနိုင်ခဲ့တယ်။ မြန်မာနိုင်ငံကလာတဲ့ သူတွေဆိုရင် ထိပ်တန်းပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်လို့ အလေးထား ဆက်ဆံခံရတယ်၊ မြန်မာပတ်စ်ပို့နဲ့ဆိုရင် အစစ်ဆေးမရှိ သွားလာနိုင်တဲ့ ဂုဏ်သရေရှိခဲ့တာ ဒီနေ့ခေတ်မှာ ယုံတမ်းစကား ပြောနေသလားလို့ ခေတ်လူငယ်တွေက မေးနိုင်လောက်တယ်။ အဲဒီအချိန်ဟာ တကယ်ပဲ ရှိခဲ့ပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် ဒီနေ့ခေတ်မှာ မြန်မာတွေ နိုင်ငံခြားထွက်ရင် အခြားလူတွေကို သွားခွင့်ပေးပြီး မြန်မာတွေကို ဘေးဖယ်ထား နောက်ဆုံးမှ စစ်ဆေးပြီး သွားခိုင်းတာတွေ အနှိမ်ခံရတာတွေ ဘာကြောင့် ဖြစ်နေတာလဲလို့ မေးစရာရှိတယ်။

ဘာကြောင့်လဲဆိုတော့ စစ်ဗိုလ်ချုပ်တွေ မိမိတိုင်းပြည် ကာကွယ်ရေးကို မလုပ်ဘဲ ကိုယ်နားမလည်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ တရားရေး၊ လူမှုရေးတွေကို ဝင်ရောက်ချယ်လှယ်ခဲ့ကြလို့ တိုင်းပြည်ဟာ စီးပွားရေးတွေကျဆင်း၊ အုပ်ချုပ်ရေးတွေကမောက်ကမဖြစ် တရားမျှတမှုတွေပျောက်ကွယ် မတရားဥပဒေတွေကြီးစိုး၊ စီးပွားရေး ကြပ်တည်းတဲ့အတွက် ရုံးဝန်ထမ်းတွေ ပညာသင်ကြားပေးတဲ့ ဆရာဆရာမတွေက အစ အကျင့်စာရိတ္တတွေ ပျက်စီးသွားတာ ဘယ်သူတွေက လုပ်ခဲ့တာလဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချုပ်ပြီး သူတို့အာဏာတည်မြဲရေးအတွက် ဖျက်စီးခဲ့တာကြောင့် မဟုတ်ဘူးလား လူတွေမှာ တွေးခေါ်မျှော်မြင်မှုတွေ တီထွင်ဖန်တီးမှုတွေကို ပိတ်ပင်ခဲ့လို့ တိုင်းပြည်မှာ မျက်စိပိတ် နားပိတ် ဖြစ်ခဲ့ရတယ်။ တိုင်းပြည်ကို အာဏာသိမ်းပြီး တနှစ်အကြာ ၁၉၆၃ခု နှစ်လောက်မှာ ဗိုလ်နေဝင်းက ပြည်ပထွက်ခွင့်တွေ ပိတ်လိုက်ပြီး တိုင်းပြည်ကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခဲ့တာ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်လာတဲ့ အထိပဲ စုစုပေါင်း ၂၅နှ စ်လုံးလုံး တိုင်းပြည်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ခဲ့ရတယ်။ အဲဒီအချိန်က ပတ်စ်ပို့ထုတ်ပေးပြီး ပြည်ပကိုထွက်ခွင့်ရသူတွေဟာ ထီပေါက်သလို ဖြစ်ခဲ့ရတယ်။ စာပေစိစစ်ရေးတွေ လုပ် စာရေးဆရာတွေကို ဝေဖန်စာရေးရင်ဖမ်း၊ စာအုပ်တွေ ထုတ်ဝေတာကို ဆင်ဆာလုပ်၊ အနုပညာရှင်တွေကိုလဲ ပေါ်လစီချပြီး ဖန်တီးခွင့်တွေပိတ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်လို့မရအောင် တင်းကြပ်ခဲ့လို့ ရုပ်ရှင်သရုပ်ဆောင်တွေ ဆင်းရဲကြပ်တည်းခဲ့ရတယ်။ လူတွေမှာ ဘာလုပ်ကိုင်ခွင့် ဘာဖန်တီးနိုင်ခွင့်မှ မရှိအောင်လုပ်ခဲ့တာ စစ်ခေါင်းဆောင်တွေပဲ မဟုတ်လား။

ပညာရေးကိုလဲ မျိုးချစ်စိတ် ရှိပါတယ်ဆိုတဲ့ အရူးအတွေးအခေါ်နဲ့ အင်္ဂလိပ်စာဟာ ကိုလိုနီအမွေအနှစ် ဖြစ်တယ်ဆိုပြီး အင်္ဂလိပ်စာကလွဲလို့ ကျန်ဘာသာစုံကို မြန်မာလို သင်ခိုင်း၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အခရာဖြစ်တဲ့ အင်္ဂလိပ်စာကို လျော့ချခဲ့တာကြောင့် ကျောင်းသားလူငယ်တွေ အင်္ဂလိပ်စာညံလာခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးနဲ့ သိပ္ပံ နည်းပညာ နိုင်ငံတကာ လေ့လာရေးမှာ အားနည်းခဲ့ရတယ်။ မြန်မာနိုင်ငံပညာရေး နိမ့်ကျအောင်လုပ်ခဲ့ကြတာ စစ်ခေါင်းဆောင်တွေပဲဖြစ်တယ်။ ဗိုလ်သန်းရွှေ လက်ထက်မှာ အတန်းတင်စာမေးပွဲတွေ အကျအများစေနဲ့လို့ ဆိုတာကြောင့် တတ်တတ်မတတ်တတ် တနှစ်တတန်း အောင်စေပြီး တက္ကသိုလ်တွေကို မတတ်ဘဲ ရောက်လာအောင် လုပ်ခဲ့တာ အများအသိပဲ ဒီလိုလုပ်ရပ်တွေကပညာရေး အဆင့်အတန်းနိမ့်ကျအောင် အဓိကလုပ်ဆောင်ချက်တွေပဲဖြစ်တယ်။ စက်မှုတက္ကသိုလ်က အင်ဂျင်နီယာ ကျောင်းသားတွေကို မဟာသိပ္ပံတန်း ပါရဂူတန်းတွေကို သင်ကြားပေးတဲ့ ဆရာတွေက ရိုးရိုးအင်ဂျင်နီယာ ဘွဲ့ရတွေ ဖြစ်နေတာကလဲ ရီစရာပျက်လုံးတခုလို ဖြစ်ခဲ့ပြီး ဒီဆရာတွေကို သူတို့သင်ပေးလို့ ပါရဂူဘွဲ့ရသူတွေက ပြန်အုပ်ချုပ်တဲ့ဘဝကို ရောက်ခဲ့ရတယ်။ အဲဒီမြန်မာပြည်ကပေးတဲ့ နိုင်ငံခြားကစာတမ်းတွေကို ကူးချပြီး ကိုယ်ပိုင်အတွေးအခေါ်မရှိတဲ့ ပါရဂူဘွဲ့ရတွေဟာ အခုအခါ အစိုးရဌာနကြီးတွေမှာ ညွှန်မှူးတွေ ဖြစ်နေကြောင်းလဲ သိရတယ်။ ထူးပေးဆန်းပေသည်အရူးတွေဖမ်းနေသည်လို့ပြောရမလိုပါဘဲ။

မင်းအောင်လှိုင်က အသံကောင်းဟစ်နေပေမဲ့ သူအာဏာသိမ်းတာကြောင့် တိုင်းပြည်အခြေအနေဟာ ပိုဆိုးသွားတယ်ဆိုတာ သူသာ အသိဆုံး ဖြစ်တယ်။ “ ပညာရေးကဏ္ဍကို ဖျက်ဆီးနေသည့် လုပ်ရပ်ထက် အောက်တန်းကျသော လုပ်ရပ် မရှိဘူး” လို့ သူက ပြောခဲ့တယ်။ ဒါဖြင့်ရင် ဘာကြောင့် ဒီလို ပညာရေးကဏ္ဍကို ဖျက်ဆီးလုပ်ဆောင်ခဲ့တဲ့ သူ့အရင်က ဆရာကြီးတွေကို သူတို့ကြောင့် ဒီလိုဖြစ်ခဲ့ပါတယ်လို့ မင်းအောင်လှိုင်က တခွန်းမှ မဟခဲ့သလဲ မေးလိုက်ချင်တယ်။ သူ့လက်ထက်မှာလဲ စီဒီအမ် ကျောင်းဆရာ/မတွေကို ဖမ်းတယ်။ နျူဂျီသင်ကြားပေးတဲ့ ကျောင်းတွေကိုပိတ်တယ် ဆရာတွေကိုဖမ်းတာလဲ ပညာရေးကို ပိတ်ပင်နေတာပဲ မဟုတ်လား။ ကလေးတွေကို ပညာမတတ်အောင် လုပ်နေတာပဲ မဟုတ်လား။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 72 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 92 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 151 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 125 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 218 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 179 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 135 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 138 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။