စက်တင်ဘာလ (၁၅)ရက်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာ မရှိဘဲ မြန်မာပြည်သူက ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာတယ်လို့ တရုတ်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်တာ၊ စစ်ပွဲဖြစ်ပွားနေတာကို ဆန့်ကျင်ပြီး ပြည်ပအင်အားစုက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်တာကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတသားထဲ ဖြစ်တည်တာနဲ့ နယ်မြေတည်တံ့တဲ့အပေါ် ထိန်းသိမ်းကာကွယ်တာကို ခိုင်မာစွာ ထောက်ခံအားပေးတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာအရေး သက်ဆိုင်ရာအဖွဲ့တွေက အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲတာတွေကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ နိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာဖို့ကို ဖော်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အဲ့ဒီအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါ၀င်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုထားသလို တရုတ်နိုင်ငံကို အကြောင်းမဲ့ ပြစ်တင်ပြောဆိုတာတွေအပေါ် ဆန့်ကျင်တယ်လို့လဲ ပြောဆိုထားပါသေးတယ်။
ရှမ်းမြောက်မှာ တော်လှန်တိုက်ပွဲ၀င်နေတဲ့ တအာင်းတပ်မတော်(TNLA)ကို တရုတ်နိုင်ငံရဲ့ ရွှေလီမြို့လုံခြုံရေးအဖွဲ့က အပစ်ရပ်ဖို့ ခြိမ်းခြောက်သတိပေးစာ ပေးပို့ခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုတာတွေ ရှိလာတာလို့ သိရပါတယ်။