စက်တင်ဘာလ (၁၅)ရက်။
မနေ့က ညနေ (၄)နာရီအချိန်မှာ ရေတာရှည်မြို့နယ်၊ မက်ဒက်ကယ်ဘုရားမှာ ယာယီဖွင့်လှစ်ထားတဲ့ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲကျခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ရုတ်တရက် ရေကြီးတော့ မက်ဒက်ကယ်ဘုရား၀င်းထဲက ဓမ္မာရုံမှာ ယာယီရေဘေးရှောင်စခန်း ဖွင့်ထားတာ၊ အဲ့ဒီစခန်းပေါ်ကို နှစ်ရှည်အပင် လဲကျတာ၊ ထိခိုက်သေဆုံးတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရေတာရှည်မြို့နယ်ထဲ ရုတ်တရက် ရေကြီးရေလျှံတာတွေကြောင့် မက်ဒက်ကယ်ဘုရားရှိ ဓမ္မာရုံအဆောက်အဦးမှာ ယာယီရေဘေးရှောင်စခန်းကို ဖွင့်လှစ်ခဲ့ပြီး လာရောက်ခိုလှုံနေကြတာပါ။
အဲ့ဒီလို လာရောက်ခိုလှုံချိန် ဓမ္မာရုံအဆောက်အဦပေါ်ကို အနီးရှိ နှစ်ရှည်စိုက်ပျိုးထားတဲ့ သစ်ပင်တစ်ပင် လဲကျခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်ထားတဲ့ ဓမ္မာရုံအဆောက်အဦပေါ် သစ်ပင်လဲကျတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရေတာရှည်မြို့နယ်ဆေးရုံကတဆင့် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။