အောက်တိုဘာလ (၁၆)ရက်။
မနေ့က နံနက် (၁၀)နာရီခွဲအချိန်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေချိန် ကာမေကာဇေအထူးဒရုန်း (၂)စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန်စစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာ နမခထဲက စိုးဝင်းရှိတဲ့ စစ်ရုံးချုပ်ထဲကို ကာမေကာဇေဒရုန်းတစ်စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပြီး စိုးဝင်းရဲ့ ရဟတ်ယာဉ်တွေ ရပ်ထားတဲ့နေရာကို ဒရုန်းတစ်စီး တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲသံကြားပြီး ရဟတ်ယာဉ် (၂)စီး မောင်းနှင်ထွက်ပြေးသွားပါတယ်” လို့ ဆိုပါတယ်။
ဒုစစ်ခေါင်းဆောင် စိုးဝင်း မုံရွာမြို့ နမခကို ရောက်ရှိနေတဲ့အချိန် စစ်ရုံးချုပ်နဲ့ ရဟတ်ယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို ကာမေကာဇေဒရုန်း (၂)စီးနဲ့ တိုက်ခိုက်ခဲ့ကာ ရဟတ်ယာဉ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
နမခထဲ ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေချိန် စစ်ကောင်စီဘက်က ရဟတ်ယာဉ်တစ်စီးနဲ့ ပတ်ဝဲကာ လုံခြုံရေးယူပေးထားခဲ့ကာ ပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့ပြီးနောက် ရဟတ်ယာဉ် (၂)စီး ပျံတက်မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မုံရွာ နမခကို ကာမေကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးဘဲ ဒေါင်းတမန်စစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Shar Htoo Waw နည်းပညာတပ်ဖွဲ့ရဲ့ Team(3)PDAF(ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂)နဲ့ Team(4)SSTF၊ Eagle Wing Drone Force၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်းပကဖ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ “ ငါတို့” ထောက်ပို့အဖွဲ့၊ ခွန်အားမျှပါ သိန်း(၅၀၀၀)ထောက်ပို့အဖွဲ့နဲ့ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာပါ။
ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးကို ရှိတဲ့ပစ္စည်းလေးတွေနဲ့ပူးပေါင်းပြီး အစွမ်းကုန် တွန်းလှန်တိုက်ခိုက်နေကာ စစ်အာဏာရှင်စနစ် အမြန်ဆုံးနိဂုံးချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ဆက်လက်ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။