ဇန်နဝါရီလ (၁၇) ရက်။
လုံခြုံရေးတင်းကြပ်ထားတဲ့ မုံရွာမြို့ တစ်နေရာမှာ လူဦးရေ ထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မုံရွာလူထုသပိတ်စစ်ကြောင်းအရှည်ကြီးကို မကွေးလူထုတိုက်ပွဲကော်မတီနဲ့အတူ ချီတက်ခဲ့ကြကာ ကျေးရွာအနှံ့အပြားက ပြည်သူဦးရေ ထောင်နဲ့ချီပြီး လာရောက်ပူးပေါင်းဝန်းရံခဲ့တယ်လို့ ဆိုပါတယ်။
သပိတ်စစ်ကြောင်းဟာ “ လူထုကို ဦးညွတ်ကြ” ဆိုတဲ့ သပိတ်စာသားကို ကိုင်ဆောင်ခဲ့ပြီး လူထုသာ အခရာဖြစ်တယ်ဆိုတာနဲ့ လူထုလှုပ်ရှားမှုလမ်းစဉ်တို့အပါအဝင် နိုင်ငံရေးသပိတ်သတင်းစကားတွေ ပေးပို့ဟောပြောခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှုနည်းနာနဲ့ ဖြိုချ ချိနဲ့စေဖို့နဲ့ လူထုလှုပ်ရှားမှုတွေ ပိုမိုအရှိန်မြှင့်နိုင်ဖို့အတွက် ရည်ရွယ်ချီတက်ခဲ့ကြတာဖြစ်တယ်လို့ ဦးဆောင်ကော်မတီက ပြောဆိုထားပါတယ်။
အဲ့ဒီလူထုသပိတ်လုံခြုံရေးကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။




