စက်တင်ဘာလ (၁၇)ရက်။
ဒီကနေ့ နံနက်ပိုင်းက ထီးချိုင့်မြို့နယ်၊ မြတောင်-ကက္ကလမ်းဆုံကနေ ဆုတ်ခွာလာတဲ့ အင်အား (၅၈)ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င် ဗိုလ်မှူး စန်းယု ဦးစီးတဲ့ တတက-၁၃ အင်အား (၅၈)ဦးပါ စစ်ကြောင်းကို သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်ရှိ နန်းစိန်တောင်နဲ့ နန်းစိန်ချောင်းကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်က (၂၀)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီထံက ငါးကြင်းမြီး (MA-15) (၁)လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂)လက်၊ MA-1 (၆)လက်၊ MA-3 (၅)လက်၊ MA-11 (၄)လက်၊ G-3 (၃)လက်၊ ကျည်မျိုးစုံ (၂၁၂၆)တောင့်၊ အီနာဂါ (၆)လုံး၊ လက်ပစ်ဗုံး (၂)လုံး၊ ၄၀ မမ ဗုံးသီး (၅)လုံး၊ ၆၀ မမ ဗုံးသီး (၁)လုံး၊ RPG (၄)လုံးနဲ့ ကျည်အိမ်မျိုးစုံ (၇၁)ခု သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို အထူးလှုပ်ရှား တပ်ရင်း (၃)၊ အမှတ် (၅၁၁)တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နဲ့ သပိတ်ကျင်းမြို့နယ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။