စက်တင်ဘာလ (၁၈)ရက်။
မနေ့က နေ့လယ်ပိုင်းအချိန် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ မနေ့က ညနေ (၃)နာရီနဲ့ (၄)နာရီကြားမှာ စစ်ကောင်စီတွေ အခြေချတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့၀င်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စက်တင်ဘာလ (၁၆)ရက်နေ့ကလဲ လိုင်ဗီလာတည်းခိုခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၃)ဦး လက်နက်တွေနဲ့အတူ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေထံ အလင်း၀င်လာခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
လိုင်ဗီလာတည်းခိုခန်းမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်ပြီး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေနဲ့ ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းအများစုကို CNF ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လိုင်ဗီလာတည်းခိုခန်းက စစ်ကောင်စီတပ်စခန်းဟာ အင်အား (၁၀၀)ခန့်နဲ့ အထိုင်ချထားပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်လို့မရအောင် ဂျမ်မာစနစ်တွေနဲ့ အခိုင်အမာပြင်ဆင်ထားတဲ့စခန်းလို့ ရေးသားထားပါတယ်။
အခုအခါ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ CB Bank၊ NLD ရုံးနဲ့ ရဲစခန်း စတဲ့နေရာ (၃)နေရာသာ ကျန်ရှိတော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ပြောဆိုထားချက်တွေအရ သိရပါတယ်။