စက်တင်ဘာလ (၁၉)ရက်။
စက်တင်ဘာလ (၁၇)ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦးလေဆိပ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ စက်တင်ဘာ (၁၇)ရက်နေ့ ည (၁၀)နာရီခွဲနဲ့ (၁၁)နာရီကြား တံတားဦးလေဆိပ်ကို လက်နက်ကြီးတွေ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်” လို့ MDY Revolution က ဆိုပါတယ်။
တံတားဦးလေဆိပ်ထဲ လက်နက်ကြီး ပြင်းထန်စွာ ကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ထဲ သိုလှောင်ရုံဘက် ကျရောက်ပေါက်ကွဲခဲ့သလို လယ်ကွင်းထဲ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
တံတားဦးလေဆိပ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်တာ မရှိခဲ့ဘူးလို့ သိရပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါ။
တံတားဦးလေဆိပ်ဟာ ရှမ်းမြောက်ဒေသအပါအ၀င် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး စတဲ့ဒေသတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာမှာ အဓိကအသုံးပြုတဲ့ လေတပ်စခန်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်ကို အခုနှစ်ထဲ ဇန်နဝါရီနဲ့ ဧပြီလတို့မှာ နှစ်ကြိမ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။