နိုဝင်ဘာလ (၁)ရက်။
အခုလ နိုဝင်ဘာ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ ဖာပွန်ခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ KNLA တို့အကြား တိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU-မူတြော်ခရိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စုစုပေါင်း (၇၇)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တိုက်ပွဲထဲ KNLA တပ်မဟာ(၅)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဘက်က (၈)ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ မော်တော်ယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကလဲ KNLA တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး RPG အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းကာကွယ်ရေး ဂျမ်မာစက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီရဲ့ အခရာတပ်စခန်းတစ်ခုဖြစ်တဲ့ ခေါပုတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ခွဲမှူးတွေအပါအဝင် (၁၇)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ဖာပွန်ခရိုင်ထဲ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။