ဇူလိုင်လ (၂၁)ရက်။
ဒီကနေ့ နံနက် (၄)နာရီအချိန်ကစပြီး လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ မနက် (၄)နာရီလောက်ကစပြီး လွယ်ပြေ ခမရ(၅၀၇)နဲ့ အကြမ်းဖက်နှိမ်နင်းရေးတပ် ခလရ(၄၁)ကုန်းဘက်မှာ တိုက်ပွဲပြင်းထန်နေတာပါ။ အကြီးတွေနဲ့ပါ နှစ်ဖက်လုံး တိုက်ခိုက်နေကြပါတယ်” လို့ စစ်ရေးစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။
လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ လွယ်ပြေ ခမရ(၅၀၇)နဲ့ ခလရ (၄၁)ကုန်းဘက်တို့မှာ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ စကစဘက်က မနက်(၆)နာရီအချိန်ကျော်လောက်ကစပြီး လေကြောင်းတိုက်ခိုက်နေတာ။ MNDAA က အပစ်ရပ်တယ်ဆိုပေမယ့် ၀င်လာရင်တော့ ခုခံမယ်လို့ ပြောထားတယ်၊ မနေ့ညကအထိလဲ အသံမတိတ်ပါဘူး” လို့ သူက ထပ်မံပြောပါတယ်။
ကိုးကန့်တပ်(MNDAA)ဟာ တရုတ်ရဲ့ တောင်းဆိုချက်အရ ဇူလိုင်လ (၁၉)ရက်နေ့ကစပြီး ဇူလိုင်လ (၃၁)ရက်နေ့အထိ (၁၂)ရက်ကြာ တဖက်သတ်အပစ်ရပ်ထားကာ တိုက်ခိုက်ခံရပါက တန်ပြန်ခုခံဖို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေပြင်းထန်နေတဲ့ လားရှိုးမြို့မှာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေတာတွေရှိပြီး မြို့ထဲ ပိတ်မိနေသူတွေလဲ ထောင်နဲ့ချီရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။