ဩဂုတ်လ (၂၁)ရက်။
မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို တရာစွဲတာမှာ ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကြားရသလောက်တော့ တရားစွဲဆိုခံရတဲ့ နိုင်/ကျဉ်းတွေက ရှေ့နေဌားမယ်၊ အမှုတွဲမိတ္တူကူးဦးမယ် စသဖြင့် ပြောပါလျက်နဲ့ မုံရွာမြို့နယ်တရားသူကြီး ဦးထက်အောင်ဇော်က ဇွတ်စစ်တာလို့ပြောတယ်။ အခု နိုင်/ကျဉ်းတွေက အမှုတွဲတွေ၊ တိုင်ချက်တွေလဲမဖတ်ရ၊ ရှေ့နေအကူအညီလဲ ဘာမှမရဘဲအမှုကို ရင်ဆိုင်နေကြရတာ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ကိုစန်းမြင့်လွင်အပါအဝင် (၁၇)ဦးကို ရာဇသတ်ကြီးပုဒ်မ – ၁၄၇ (လူစုလူဝေးဆူပူမှု)နဲ့ တရားစွဲဆိုတာကို ဩဂုတ်လ (၁၉)ရက်နေ့မှာ အမှုစတင်စစ်ဆေးခဲ့တာလို့ ဖော်ပြထားပါတယ်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလထဲ မုံရွာထောင်မှာဖြစ်ပွားခဲ့တဲ့ အစာငတ်ခံဆန္ဒပြတာနဲ့ ကြွေးကြော်ဆန္ဒပြတာမှာ ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်၊ ကိုဘုန်းမြင့်အောင်နဲ့ ကိုအောင်ချမ်းမြေ့အပါအဝင် နိုင်/ကျဉ်း(၃၁)ဦးကို တရာစွဲဆိုရာမှာ ထည့်သွင်းထားတယ်လို့ ရေးသားထားပါတယ်။
“ အဓိကကတော့ ဖြစ်စဉ်ကို ဟိုဖုံး ၊ဒီဖိလုပ်ပြီး ပြီးစလွယ် တရားစွဲလိုက်တာလို့ ယူဆရတာပဲ။ ဆန္ဒပြရာမှာ တကယ်ပါခဲ့တဲ့သူတွေကိုကျ တရားစွဲရာမှာ ထည့်မထားဘူး။ မဆိုင်တဲ့လူတွေကိုကျ တရားခံစာရင်းထဲထည့်ထားတယ်။ ဒါ့အပြင် နိုင်/ကျဉ်းတွေကို တရားရုံးရှေ့မှောက်မှာ မျှတတဲ့ ဥပေဒအရ ခုခံချေပခွင့်၊ ရှေ့နေဌားရမ်းရင်ဆိုင်ခွင့်တွေကို ကန့်သတ်နေတာဆိုတော့ မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာဖို့ အကြောင်းမရှိတော့ဘူး” လို့ မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုထားပါတယ်။
ဒီလိုတရာစွဲဆိုတာမှာ ထည့်သွင်းထားတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှာ အမှန်တကယ်ပါဝင်ခဲ့သူတွေကို တရားခံစာရင်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြတဲ့စာကိုလဲ ထောင်အာဏာပိုင်တွေက တရားရုံးသို့ တင်ပြပေးတာမရှိဘဲ ဖုံးဖိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုဖြစ်စဉ်ထဲ ထောင်အာဏာပိုင်နဲ့ တရားရုံးတို့ လက်ဝါးချင်းရိုက်ပြီး ဖုံးဖုံးဖိဖိ ဖြေရှင်းနေတာဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာမှာမဟုတ်ဘူးလို့လဲ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။