စက်တင်ဘာလ (၂၃)ရက်။
မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၁.၇)သန်း ထပ်တိုးကူညီတယ်လို့ ဩစတြေးလျသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဩစတြေးလျနိုင်ငံက ထပ်တိုးအတည်ပြုကူညီတဲ့ အမေရိကန်ဒေါ်လာ (၁.၇)သန်းကို ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ခိုနားဖို့နေရာတွေ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရေဘေးသင့်ပြည်သူတွေအတွက် ၀မ်းနည်းစိတ်မကောင်းဖြစ်ရပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားစာနာမှုဆိုင်ရာ အစီအစဉ်တွေကနေ ပံ့ပိုးပေးနေတယ်လို့ ဖော်ပြထားပါတယ်။
အခုပံ့ပိုးထားတဲ့ အကူအညီတွေကို ရေဘေးကူညီတုန့်ပြန်တဲ့လုပ်ငန်းမှာ ပိုမိုဦးစားပေးအသုံးပြုဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ဆောင်ရွက်နေတယ်လို့လဲ ပြောဆိုထားပါတယ်။
ဒါ့အပြင် အကူအညီလိုအပ်နေသူအားလုံးဆီ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးပေးတာတွေကို ပို့ဆောင်ပေးအပ်နိုင်စေဖို့ သက်ဆိုင်ရာတာ၀န်ရှိသူတွေကို တောင်းဆိုထားချက်အရ သိရပါတယ်။