လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့
ဇွန်လ (၂၂)ရက်။
ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒိုးဒိုရွာထဲ ဝင်ရောက်ကျူးကျော်တပ်ချထားတဲ့ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို KNLA တပ်ရင်း(၈)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်တာထဲ စစ်တပ်ဆီက MA-1 (၂)လက်နဲ့ MA-3 (၁)လက် စုစုပေါင်း သေနတ်(၃)လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ ခဲယမ်းအချို့နဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရမိခဲ့တာကို သတင်းဓါတ်ပုံနဲ့ ထုတ်ပြန်ထားပြီး နှစ်ဖက်ထိခိုက်တဲ့အခြေအနေကိုတော့ ပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် ဇွန်လ (၉)ရက်နဲ့ (၁၅)ရက်တို့က လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ကော့သောင်း ခလရ(၅၉၅)နဲ့ ပေါက်ခေါင်း ခမရ(၅၃)တပ်ရင်းက စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO တပ်ရင်း(၃)ဆီ လက်နက်ချ အလင်းဝင်ခဲ့ပါသေးတယ်။
သူတို့ဟာ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရပြီး ရှေ့တန်းနယ်မြေတွေဆီ ပို့ဆောင်ခံရတဲ့ တပ်သားတွေလို့ KNU က ပြောဆိုထားပါတယ်။
ဒီလို အတင်းအဓမ္မစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ကြဖို့ကိုလဲ ထည့်သွင်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။








