ဇွန်လ (၂၂)ရက်။
ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။
သူတို့ဟာ အာဏာနဲ့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူ့မျက်နှာကိုမကြည့်ဘဲ စစ်တပ်မျက်နှာ တစ်ခုထဲကိုသာ ကြည့်ကာ ယုတ်မာတဲ့ လုပ်ရပ်တွေကို ရိုးသားတဲ့ အင်းသားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုစစ်တပ်ရဲ့ လက်ပါးစေအနေနဲ့ ခိုင်းသမျှကို အရိုအသေပေး လုပ်ဆောင်နေတဲ့ “ ဖောက်ပြန်တဲ့ ရပ်ကျေးဥက္ကဋ္ဌဟောင်းတွေနဲ့ သူတို့ရဲ့လူယုံတွေ” ကို လုံးဝ(လုံးဝ) ပြန်မရွေးကြဖို့ တိုက်တွန်းထားပါတယ်။
နောက်ပြီး အင်းလေးမြေ သာယာအေးချမ်းဖို့အတွက် ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူတွေအပေါ် ညှာတာထောက်ထား မျက်နှာပြုမယ့်သူတွေကိုသာ ဝိုင်းဝန်းရွေးချယ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို ငဲ့ညာတာမရှိဘဲ စစ်တပ်ခိုင်းတာကို ရှေ့ထွက်လုပ်ဆောင်ကာ ပြည်သူကို နှိပ်စက်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ထုတ်ပြန်ချက်ထဲ လိမ်လည်လှည့်ဖြားပြီး ရပ်ကျေးတာဝန်တွေ ရရှိဖို့အတွက် စစ်တပ်နဲ့ပူးပေါင်းကာ မတရားလုပ်ဆောင်နေတဲ့ အချက်အလက်တွေ၊ မမှန်မကန် လုပ်ကြံဖန်တီးတာတွေရှိရင် တိုင်ကြားဖို့ အင်းလေး-PDF က အသိပေးထားတယ်လို့ သိရပါတယ်။







