စက်တင်ဘာလ (၂၅)ရက်။
ဒေသထဲ နိုင်ငံရေးရာသီဥတုအခြေအနေတွေဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ဦးတည်စေတာမျိုး မဖြစ်စေဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ဒေသတွင်းနိုင်ငံရေး ရာသီဥတု အခြေအနေတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဦးတည်စေတာမျိုး လုံးဝ ဖြစ်လို့မရဘူးလို့ ပြောချင်ပါတယ်။ အကျိုးစီးပွားဟာ လက်တွေ့နိုင်ငံရေးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြတဲ့ ကိစ္စဖြစ်တာကြောင့်၊ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးအမြင်တွေကို လေ့လာအကဲခတ်တဲ့နေရာမှာ reality ကို ချန်လှပ်ထားလို့မရဘူး” လို့ သူက ဆိုပါတယ်။
ကျယ်ပြန့်တဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံအဖြစ်မခံဖို့နဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ အထူးလိုအပ်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
“ နိုင်ငံတစ်ခုဟာ ကြီးတာဖြစ်စေ၊ ငယ်တာဖြစ်စေ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ထိုက်ထိုက်တန်တန် ရှိနေရမှာဖြစ်ပါတယ်။ တိုင်းပြည်ထဲက လူမျိုးအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ကို အထူးလေးစားသလို၊ နိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာကိုလဲ အထူးလေးစားကြဖို့လိုတယ်” လို့ ယာယီသမ္မတက ထပ်မံပြောပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ Global Power Competition လို့ခေါ်တဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်တာတွေကြားမှာ အမြဲတမ်း လူးသာလွန့်သာဖြစ်အောင် ကြိုးစားကြဖို့ကိုလဲ တိုက်တွန်းထားပါတယ်။
ပြည်တွင်းမှာ အင်အားစုတွေအကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်/ စစ်ရေးအရပဲ ဖြစ်ဖြစ် အကဲဆတ်တာကြောင့် နိုင်ငံရေးအရ သိမ်မွေ့စွာ ကိုင်တွယ်နိုင်ဖို့အတွက် အလေးအနက်ထား လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။