စက်တင်ဘာလ (၂၆)ရက်။
မနေ့က ရွှေဝါရောင်တော်လှန်ရေး (၁၇)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်၀န်ရုံးရှေ့မှာ လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၁၈)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး (၁၇)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Daly City ကျောင်းသားသမဂ္ဂ(ဗကသ)က ဦးဆောင်ပြီး လူထုဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဆန္ဒပြပွဲထဲ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပြီး မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို လေယာဉ်လောင်စာဆီ ဖြတ်တောက်ဖို့အပါအ၀င် လေကြောင်းတိုက်ခိုက်တာတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ တရုတ်အစိုးရအနေနဲ့ ဖိနှိပ်ခံပြည်သူလူထုနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဆန္ဒပြပွဲမှာ ကျောင်းသားတွေ၊ ဗမာအသိုင်းအဝိုင်းပြည်သူတွေ၊ ပါလက်စတိုင်းအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေက အင်တိုက်အားတိုက် ပူးပေါင်းပါ၀င်ကာ ပြည်သူလူထုဆန္ဒကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။





