နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

သတင်းဆောင်းပါး

ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs, money and murder in Thailand’s Monkhood-ထိုင်းသံဃာများအကြား လိင်ဆက်ဆံမှု၊ မူးယစ်ဆေးဝါး၊ ငွေကြေးနဲ့ လူသတ်မှုတွေအကြောင်းကို မှတ်တမ်းတင်ဗီဒီယိုနဲ Thailand’s Tainted Robes | Misbehaving Monks ညစ်ညမ်းစွန်းထင်းနေသောသင်္ကန်း၊ အကျင့်သိက္ခာမရှိသောဘုန်းကြီးများ ဗီဒီယိုသတင်းကို မြန်မာဘာသာပြန်ပြီး တင်ပြပေးသွားပါ့မယ်။

ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ လာအိုနိုင်ငံ ကမ္ဘောဒီးယား နိုင်ငံတွေဟာ အာရှမှာ ဗုဒ္ဓဘာသာ ထွန်းကားပြီး လူအများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့နောက် ဗုဒ္ဓဘာသာ ရဟန်းတော်တွေကြားမှာ ဂိုဏ်းအမျိုးမျိုး ကွဲပြားလာခဲ့ပြီး တရုတ်၊ ဂျပန်၊ တိဗက်မှာ မဟာယာနဂိုဏ်းတွေ ထွန်းကားလာသလို အရှေ့တောင်အာရှမှာ ထေရဝါဒ ထွန်းကားလာခဲ့ပါတယ်။


ဒါပေမဲ့ ရုပ်ဝတ္ထု တိုးတက်ထွန်းကားလာတဲ့ခေတ်ကို ရောက်လာတဲ့အခါ ဗုဒ္ဓဘာသာဝင် ရဟန်းတွေထဲမှာ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ဝိနည်းတွေကို အတိအကျ လိုက်နာတဲ့ ရဟန်းသံဃာတွေဟာ အနည်းစု ဖြစ်လာပါတယ်။

ရဟန်းတွေထဲမှာ ဝိနည်းတွေနဲ့ မကိုက်ညီတာတွေကို အာပတ်ဖြေရင် ရပါတယ်ဆိုပြီး ဖောက်ဖျက်လာခဲ့တဲ့အထဲမှာ ငွေကို ကိုင်တွယ်သုံးစွဲလို့ မရဘူးဆိုတာကို ရဟန်းတိုင်းနီးပါးက ဖောက်ဖျက်လာခဲ့ကြပါတယ်။ ဂုဏ်ပကာသနတွေကို ရဟန်းတွေက မက်မောလာခဲ့ပြီး ဘုရားတည်ရင် ငရဲမကျဘူးဆိုပြီးအလှူတွေခံ၊ ကျောင်းဆောက်ရင် နတ်ပြည်ရောက်မယ်စတဲ့ ဟောပြောစကားတွေနဲ့ အလှူခံပြီး ကျောင်းတိုက်ကြီးတွေဆောက် ရွှေတွေချပြီး နန်းတော်ကြီးတမျှ ကြီးမားတဲ့ကျောင်းတိုက်ကြီးတွေ အပြိုင်အဆိုင်ဆောက်လာကြကာ ချိုးခြံကျင့်ကြံပြီး တရားအားထုတ်ရမယ်ဆိုတဲ့ ဗုဒ္ဓအဆုံးအမနဲ့ ဖီလာဖြစ်တဲ့ ဂုဏ်ပြိုင်ကြတဲ့ ပကာသနခေတ်ကြီးကို လွဲမှားစွာ ရောက်ရှိလာခဲ့ပါတယ်။

ဘုရားကျောင်းကန်တွေအတွက် လူတွေက လှူကြတဲ့အခါ ဒီအလှူငွေတွေကို စစ်ဆေးမှုလည်း မရှိကြတော့ ကိုယ်ကျိုးအတွက် သုံးစွဲတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတင်လားဆိုတော့ ဒါတင်မကပါဘူး တချို့ဘုန်းကြီးတွေဆိုရင် ဇိမ်ခံကားကြီးတွေစီးပြီး ဝိနည်းအရ ဘုန်းကြီးကျောင်းတွေမှာပဲတည်းရမှာကို မတည်းတော့ဘဲ ကြယ်ငါးပွင့်ဟော်တယ်ကြီး တွေမှာ ဇိမ်ခံပြီး တည်းခိုချင်တာတွေ၊ တိတ်တိတ်ပုန်း မိန်းမယူထားတာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲတာတွေ လောင်းကစားလုပ်တာတွေ ရာဇဝတ်မှု ကျူးလွန်တာတွေပါ ရှိလာခဲ့ပါတယ်။

ဗီဒီယိုအစမှာ“Thailand’s Bad Monks” ထိုင်းနိုင်ငံရှိ သံဃာဆိုးတွေ ခေါင်းစဉ်နဲ့အစချီ ထားပါတယ်။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ သိပ်မဝေးတဲ့ မြို့ဖြစ်တဲ့ နခွန်ပတ်သွန် (Nakhon Pathom) မှာ  ပိုင်လုံ(Pai Lom) ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်လည်းဖြစ် ဘုန်းကြီးပုလိပ်အဖွဲ့ဝင်လည်းဖြစ်တဲ့ လောင်ပီ နမ်ဖောင် (Luang Pi Namfon) အမည်ရှိ ဆရာတော်ကြီးက ဗုဒ္ဓအဆုံးအမနဲ့ မညီတဲ့ဘုန်းကြီးတွေကို လိုက်လံကြည့်ရှုပြီး စစ်ဆေးဖမ်းဆီးတဲ့ တာဝန်ကို ယူထားပါတယ်။ ဝိနည်းနဲ့မညီတဲ့ ဘုန်းကြီးတွေကိုဖမ်းပြီး ကားပေါ်တင် သူတို့နေထိုင်တဲ့ ကျောင်းကိုပို့ပြီး ကျောင်းထိုင်ထံကို အပ်ပါတယ်။

ဘယ်လိုဘုန်းကြီးမျိုးကို ဖမ်းဆီးလဲ။

ဆွမ်းစားချိန်မှာ ကျောင်းကိုမပြန်ဘဲ ဈေးထဲမှာလိုက်ပြီး အလှူခံနေတာမျိုးဟာ ဝိနည်းနဲ့မညီပါဘူး ရဟန်းတွေဟာ ဆွမ်းစားချိန်မှာ ကိုယ်ကျောင်းကို အမှီပြန်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဈေးမှာ လိုက်အလှူခံနေတဲ့ ဘုန်းကြီးတွေဆိုရင် သူက ဖမ်းပါတယ်။ အရက်သေစာ သောက်နေတယ်ဆိုရင်လည်း ဖမ်းပါတယ်။ မိန်းမနဲ့ဖက်လှဲတကင်း လုပ်နေရင်လည်း ဖမ်းပါတယ်။ သူဖမ်းမိတဲ့ ဘုန်းကြီးတွေကို သူတို့နေထိုင်တဲ့ ကျောင်းထိုင်ထံအပ်ပြီး ကျောင်းထိုင်ရှေ့မှာနောက်ကို ဒီလိုမလုပ်တော့ပါဘူးဆိုတာကို ဝန်ခံလက်မှတ်ထိုးစေပြီး နောက်တကြိမ် ကျူးလွန်ရင်တော့ လူဝတ်လဲရမှာ ဖြစ်ပါတယ်။

ဆရာတော်ကြီး လောင်ပီနမ်ဖောင်က တဖက်က အကျင့်ပျက်ဘုန်းကြီးတွေကို ဖမ်းဆီးပြီး သူတို့ရဲ့ မူလ ကျောင်းတွေကို ပြန်အပ်သလို တဖက်မှာလည်း သူကျောင်းထိုင်နေတဲ့ ပိုင်လုံကျောင်းက ဘုန်းကြီးတွေကိုလည်း ၁၅ ရက်တကြိမ် ဒါမှမဟုတ် တလတကြိမ် မူးယစ်ဆေးဝါး သုံးစွဲမှု ရှိမရှိ ကျပမ်းရွေးချယ် စစ်ဆေးလေ့ရှိပြီး အလွန်သတိထားတဲ့အတွက် သူ့ကျောင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူ ကျောင်းကို ဆွမ်းစားမပြန်သူ မရှိပါဘူးလို့ သူကဆိုပါတယ်။ သူ့လိုကျောင်းတိုင်းမှာ မိမိရဟန်းတွေက ဝိနည်းနဲ့ညီအောင် ထိန်းသိမ်းကြမယ်ဆိုရင် ပြစ်မှုကျူးလွန်တာတွေရှိမှာ မဟုတ်ဘူးလို့ မိန့်ပါတယ်။

ဆရာတော်ကြီး လောင်ပီနမ်ဖောင်၊ ပိုင်လုံကျောင်း

ဗီဒီယိုတင်ဆက်သူသွားရောက်တဲ့ နောက်တနေရာကတော့ ချွန်ဖုံးမြို့လေး ဖြစ်ပါတယ်။ ဒီမြို့မှာ ဆီအုံး အများအပြား စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ ရှိပါတယ်။ အဲဒီမြို့က ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်အပါအဝင် ဘုန်းကြီး ၄ ပါးကို ပုလိပ်တွေက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ကျောင်းတိုက်ကို ဝင်ရောက် စီးနင်းပြီး ဖမ်းစီးခဲ့ပါတယ်။ ပုလိပ်တွေ တွေ့ရှိခဲ့တာကတော့ ကျောင်းထိုင်အပါအဝင်အားလုံး မူးယစ်ဆေးဝါး စွဲနေကြတာ ဖြစ်ပါတယ်။ သူတို့ကျောင်းမှာ မက်သာမက်ဖင်း၊ ရာဘတို့ကိုအများအပြား တွေ့ရှိခဲ့ရပြီး လူဝတ်လဲစေခဲ့ပါတယ်။ ဒီကျောင်းကို မိဘဘိုးဘွားတွေ လက်ထက်က စတင်ကိုးကွယ်လာခဲ့ကြတဲ့ ရွာသူရွာသားတွေ အကြည်အညို မဲ့သွားခဲ့ပြီး ရင်ကွဲခဲ့ကြရပါတယ်။

ကျောင်းထိုင်အပါအဝင် ဘုန်းကြီးအားလုံး မူးယစ်ဆေးဝါး စွဲနေကြသည့်အတွက် ပုလိပ်များက ဘုန်းကြီးများကို ဖမ်းစီးစဉ်

ရွာသူတယောက်က သူ့အဖေ အသုဘချတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဒီကျောင်းကို ဝင်ဖမ်းမှုဖြစ်ခဲ့ပြီး တရွာလုံးကို အံ့အားသင့် တုန်လှုပ်စေခဲ့တယ်လို့ မျက်ရည်ဝဲပြီး ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ ဒီကျောင်းကို အလွန်တန်ဖိုးထားခဲ့ပြီး သူ့အဖိုးအဖွားတွေ လှူထားတဲ့ ဆင်းတုတော်တွေလည်း ဒီကျောင်းမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ ဒီကိစ္စဖြစ်ပြီးကထဲက ဒီကျောင်းကို မသွားဖြစ်ခဲ့တော့ဘူး အချိန်အတော်ယူပြီးမှ နောက်ကိုယ်တော်တွေ အခြေအနေ ကြည့်ပြီး သင့်ရင်သွားမယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကြည်ညိုလို့ ဆွမ်းကွမ်းကအစ ငွေကြေးပါလှူတာတွေကို ဘာသာသာသနာအတွက် နဲ့လူတွေကို အကျင့်စာရိတ္တ ကောင်းမွန်လာအောင် သွန်သင်ပေးရမဲ့ အလုပ်ကို မလုပ်ဘဲ မူးယစ်နေကြတာကြောင့် ဗုဒ္ဓဘာသာကို ထိခိုက်စေသလို ပြည်သူတွေရဲ့ အကြည်အညိုလည်း ပျက်ခဲ့ရပါတယ်။

ထိုင်းမှာဒီလို အကျင့်စရိုက်ပျက် ဘုန်းကြီးတွေရှိသလို ဝိနည်းကို စောင့်ထိန်းပြီး ကျင့်ကြံနေကြတဲ့ ရဟန်းသံဃာတွေလည်း ရှိပါသေးတယ်ဆိုပြီး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ချိုင်းရဖုံ (Chaiya Phum) တောရကျောင်းတကျောင်းကို ရိုက်ပြထားခဲ့ပါတယ်။


ဒီကျောင်းမှာ ကျောင်းထိုင်ဆရာတော် နာမည်က ပရာပိုင်ဆော် ဗီစလို (Phra Paisol Visalo) ဖြစ်ပြီးဒီကျောင်းမှာ ဘုန်းကြီးတွေ မနက် ၃ နာကျော်မှာထပြီး တရားထိုင်ဖို့ ပြင်ဆင်ကြတယ်။ ၄ နာရီမှာတရားထိုင် မနက် ၆ နာရီမှာ ဗုဒ္ဓကျင့်စဉ်အတိုင်း ဆွမ်းခံထွက်ကြပါတယ်။ ဆရာတော်က ဗုဒ္ဓက ချမှတ်ထားတဲ့ နည်းလမ်းအတိုင်း လိုက်နာကျင့်သုံးနေပြီး ရဟန်းတွေကို ငွေရဖို့ အလုပ်လုပ်ခြင်းနဲ့ ငွေကြေး ကိုယ်တွယ်သုံးစွဲမှုကို ခွင့်မပြုဘူး ပြည်သူက လှူဒန်းတဲ့အပေါ်သာ မှီခိုနေထိုင်ကြရတယ် ပြည်သူတွေရဲ့ ရက်ရောတဲ့လှူဒါန်းမှုနဲ့ သူတို့က ရပ်တည်နေကြတာ ဖြစ်တယ်။ ဒီရဟန်းတွေမှာ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ မိန့်ပါတယ်။ သင်ဟာ ကုသိုလ်ကို တိုးပွားအောင်ကျင့်ကြံနေထိုင်ရင် လူတွေက ကြည်ညိုပြီး လှူဒါန်းကြမယ် ဒါကြောင့် သူတို့လည်း ကုသိုလ်ရတယ် ရဟန်းတွေလည်း သူတို့ကျင့်ကြံမှုကြောင့် အလှူဒါန ရသလို ကုသိုလ်ရပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်လို့ မိန့်ပါတယ်။

ကျောင်းထိုင်ဆရာတော် ပရာပိုင်ဆော် ဗီစလို (Phra Paisol Visalo)


ဒီလိုပဲရဟန်းတွေနဲ့ ပြည်သူတွေ အပြန်အလှန် ကုသိုလ်ယူနေကြတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းရတဲ့ ငါးပါးသီလဖြစ်တဲ့ သူ့အသက်သတ်ခြင်း၊ သူတပါး မယားပစ်မှားခြင်း၊ ပစ္စည်းခိုးယူခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးသုံးစွဲခြင်း ဆိုတာတွေကို လူတွေမပြောနဲ့ ဘုန်းကြီးတွေကိုက ဘယ်လောက်အထိ စောင့်ထိန်းနေသလဲဆိုတာ သူ့အတွက် အတော့်ကို ခက်ခဲစေပါတယ်လို့ ဆရာတော်က မိန့်ပါတယ်။


ဒါတွေက ပြဿနာတွေဖြစ်ပြီး အရင်က လူတွေကို ရဟန်းတွေက ငါးပါးသီလ စောင့်ထိန်းဖို့ ဆုံးမသွန်သင်ခဲ့ကြတယ် ဦးဆောင်လမ်းပြခဲ့ကြတယ် အခုဒီအလုပ်ကို ရဟန်းတွေက မလုပ်တော့ဘူး ဦးဆောင်မှုမပေးတော့ဘူး စိတ်ကို ငြိမ်းအေးစေမှုကို သင်ပြပေးခြင်းတွေ မလုပ်တော့ဘူး သူတို့က လူတွေကို ကြွယ်ဝချမ်းသာဖို့ ကြီးပွားအောင်မြင်လာရေးနောက်ကိုသာ လိုက်လုပ်ဖို့ အားပေးနေကြတယ် ရဟန်းတပါးအနေနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သူစိုးရိမ်မိတာကတော့ ဘာသာရေး ကပ်ဆိုက်နေမှုပဲလို့ မိန့်ပါတယ်။

ဒေါ်လာ၂ သိန်းခွဲတန် BMW ဇိမ်ခံကား ကို ဘုန်းကြီးကိုလှူတာတွေ ထိုင်းနိုင်ငံမှာ ဖြစ်လာတာဟာ ဗုဒ္ဓဘာသာကို တမျိုးပြောင်းလဲစေခဲ့ပါတယ်။ ထိုင်းဘုန်းကြီးတွေ ချမ်းသာကြွယ်ဝမှုကိုသာယာလာခဲ့ပြီး ဇိမ်ခံခြင်းကို တရားအားထုတ်ခြင်းထက်ပိုမိုပျော်မွေ့စေခဲ့ပြီး ဗုဒ္ဓညွှန်ကြားချက်ဖြစ်တဲ့ ရိုးရိုးကျင့်ပြီး ဘာတပ်မက်မှုမှမထားပဲ နိဗ္ဗာန်ရောက်အောင်ချိုးခြံကျင့်ကြံမှုကနေဝေးကွာလာခဲ့ပါတယ်။

နောက်ဇတ်လမ်းတခုကတော့ ထိုင်းနိုင်ငံ အရှေ့မြောက်အရပ်မှာ တည်ရှိခဲ့တဲ့ ဒီကျောင်းတိုက်ဟာ တချိန်က ချမ်းသာတဲ့ အလှူရှင်တွေနဲ့ ပြည့်နှက်နေတဲ့နေရာတခုဖြစ်ခဲ့ပါတယ် ဒီကျောင်းတိုက် ကို နာမည်ကြီး ပရာခွန်(Phra Khom)ဆိုတဲ့ ဘုန်းကြီးကကြီးစိုးထားပြီး သူ့ကိုချမ်းသာကြွယ်ဝသူတွေက သန်းနဲ့ချီတဲ့ အလှူငွေတွေ ပေးလှူခဲ့ကြပါတယ်၊ နာမည်ကြီးတဲ့အတွက် အယုတ်အလတ်အမြတ်မရွေးလူတွေက သူ့ကို ရွှေငွေ လက်ဝတ်လက်စားတွေ ကျောက်မျက်ရတနာတွေကို လှူကြပါတယ် ဘုန်းကြီးတပါးအတွက် အလွန်များပြားတဲ့ ငွေကြေးများ ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံမှာအကြီးမားဆုံးလိမ်လည်မှုကြီးဖြစ်ခဲ့သည်။  ရဲဒုဗိုလ်မှူးကြီး ပရာနျူမတ်စ် စန်ဆောင်(Lieutenant colonel Parnumas Saengsong)ဦးဆောင်ပြီး ဘုန်းကြီး ပရာခွန် (Phra Khom) နဲ့ ဘုန်းကြီး၆ပါးကိုဖမ်းဆီးခဲ့ပါတယ်။

ရာဇဝတ်မှုနှိမ်နင်းရေးဌာနက ပရာခွန်ရဲ့နောက်လိုက်တွေနဲ့ ပတ်သက်တဲ့ တိုင်ကြားတာတွေကို ရရှိခဲ့တယ် သူကယောက်ျားတွေနဲ့ လိင်ဆက်ဆံမှုရှိတယ်ဆိုတာတွေ အပေါ်ပြဿနာ (၆)ခု ကစပြီး ဒီထက်ကြီးတဲ့ပြဿနာကို တွေ့ရှိခဲ့ကြတယ်။ ဆက်လက်စုံစမ်းတဲ့အခါ ပရာခွန်က လှူဒါန်းငွေတွေကို သူ့အမရဲ့ ဘဏ်အကောင့်ထဲကို ထည့်ထားတာတွေ့ရတယ်။ ရုံးကိုသူ့ကို ခေါ်ယူ စစ်ဆေးတဲ့အခါ သူက အတွေ့အကြုံမရှိတဲ့အတွက် အမှားတခုကိုကျူးလွန်ခဲ့တယ် အဲဒါကတော့ သူ့ကျောင်းက ဘုန်းကြီးတွေကို ရဲစခန်း ခေါ်ပြီး သူတို့ခိုးဝှက်ထားတဲ့ ငွေကြေးတွေ ရွှေငွေတွေကို သိမ်းစည်းဖို့ ညွှန်ကြားခဲ့တာပဲဖြစ်တယ်။

ဘုန်းကြီးတချို့က ကျောင်းမျှော်စင်က ခေါင်းလောင်းထဲမှာ သွားဝှက်ကြတယ် တချို့ကကျောင်းနောက်က တောင်တန်းထဲမှာ တွင်းတူးမြှုပ်ကြတယ်၊ သစ်တောထဲမှာ သင်္ကန်းတွေနဲ့ ရစ်ပတ်ပြီးဝှက်ကြတယ်။ ဘုန်းကြီးတွေကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပြီး ဓါတ်ပုံမှတ်တမ်းတွေ ယူခဲ့ကြတယ်။ လက်ဝတ်လက်စား အများစုက ရွှေတွေဖြစ်ပြီး ရွှေတုံးတွေလည်းပါတယ်။ ဒီရွှေတွေကို အရည်ကျိုပြီး ဘုရားဆင်းတုတော် သွန်းလောင်းဖို့အတွက် အလှူခံထားတာဖြစ်ပြီး အဲဒီနေရာမှာမသုံးဘဲ ခိုးဝှက်ယူထားတာ ဖြစ်ကြောင်း ပေါ်လွင်ခဲ့တယ်။ ပါရာခွန်ကို ထောင်ချခဲ့ပြီး သူ့ထံက သြစတေးလျ ဒေါ်လာ ၁၂ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ လူတွေက ဗုဒ္ဓဘာသာကိုယုံကြည်တဲ့အတွက် အားပေး လှူဒါန်းတာကို ကိုယ်ကျိုး အတွက် ခိုးယူထားတာကို သိရတဲ့အတွက် ကျွန်တော်အရမ်းကို အံ့သြသင့်ခဲ့ရတယ်လို့ ရဲ-ဒုဗိုလ်မှူးကြီး ပရာနျူမတ်စ် စန်ဆောင်က ဆိုခဲ့ပါတယ်။

Site Icon

ထိုင်းနိုင်ငံမှာ ဘုန်းကြီးကျောင်း ၄၃၀၀၀ (၄ သောင်း ၃ထောင်) ရှိပြီး နှစ်စဉ် အလှူငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ (သန်း ၄ ထောင်) ခန့် ရရှိပြီး အစိုးရထည့်ဝင်ငွေက ဒေါ်လာသန်း ၁၇၀ ရှိပါတယ်။ ဒီပိုက်ဆံတွေ ဘယ်ကိုရောက်သွားပြီး ဘယ်လိုသုံးစွဲ နေကြတယ်ဆိုတာ ဘယ်သူမှမသိသလို စစ်ဆေးလို့လည်း မရပါဘူး။

အမျိုးသားဗုဒ္ဓဘာသာရုံး (The National Office of Buddhism) ရဲ့ ဒါရိုက်တာ အင်တာပွန် ဂျန်လိအမ် (Intaporn Jan- laem) က သူတို့ရုံးက ဘုန်းကြီးကျောင်းတွေကို ငွေကြေး ထောက်ပံ့ပေးခြင်းနဲ့ စစ်ဆေးရေးကို ဆောင်ရွက်ရ တယ်လို့ဆိုပါတယ်။ သူ့ကိုတွေ့ဆုံပြီး ပရာခွန်ရဲ့အမှု အကြောင်း မေးမြန်းရာမှာ အမျိုးသားဗုဒ္ဓဘာသာရုံးက ဘုန်းကြီးကျောင်းတွေကို တင်းကြပ်စွာ စစ်ဆေးနေတဲ့ကြားက ဒီလောက်များပြားတဲ့ ငွေကြေးတွေကို ခိုးယူထားတာကို ဘာကြောင့် မသိတာလဲဆိုတဲ့အခါ သူကဒီကျောင်းကို စစ်ဆေးဖို့ ဘာကော်မတီကိုမှ ဖွဲ့စည်းထားခြင်း မရှိသလို ဒီကျောင်းမှာစာရင်းမှတ်ထားတာလည်းမရှိ၊ ဘာငွေကြေးအထောက်အထားမှလည်း သူတို့အနေနဲ့စစ်ဆေးဖို့ မရှိတာကြောင့်လို့ ရှင်းပြပါတယ်။ အလှူငွေတွေကို စာရင်းမရှိ အင်းမရှိ သုံးဖြုန်းနေတဲ့သဘော ဖြစ်နေတာပေါ့။


ဒါကြောင့် အမျိုးသား ဗုဒ္ဓဘာသာရုံးအနေနဲ့ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ဒီလိုအမှုမျိုးကို ကိုင်တွယ်ဖို့ ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုနဲ့ပူးပေါင်း လုပ်ဆောင်ဖို့လိုပြီး ဗျူရိုကနေ မျက်မြင်သက်သေတွေကို ခေါ်ယူနိုင်ပြီး အထောက်အထားများနဲ့တကွ စစ်ဆေးအရေးယူရမှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။


ဒီအေဂျင်စီမှာ ကိုယ်ပိုင်စုံစမ်းစစ်ဆေး နိုင်ရေးအတွက် အာဏာကို ကန့်သတ်ထားတာတွေ ရှိနေပြီး ဒီလိုဖြစ်နေတာကို ပြောင်းလဲဖို့လိုတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ဘုန်းကြီးတွေ မကောင်းတာကို ကျူးလွန်ရင် အမျိုးသားဗုဒ္ဓဘာသာရုံးက သံဃာအုပ်ချုပ်ရေးရုံးကို အထောက်အထားနဲ့ တကွတင်ပြရတာပဲရှိပြီး ဦးဆောင်နာယကဆရာတော်တွေက သုံးသပ် လုပ်ဆောင်ပေးဖို့ပဲ စွမ်းဆောင်နိုင်ပြီး ဒီနာယကဆရာတော်အဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုကလည်း နှေးကွေးတယ်လို့ ဆိုပါတယ်။

ခင်ဗျားအနေနဲ့ အကျင့်ပျက်ရဟန်းတွေကို အရေးယူနိုင်ဖို့ ဘယ်လို အာဏာလိုအပ်သလဲလို့မေးတဲ့အခါ သူက ဒီအကျင့်ပျက်ရဟန်းတွေကို စစ်ဆေးဖို့ သံဃာဦးဆောင်ဆရာတော်တွေရဲ့ဆုံးဖြတ်ချက်ကို စောင့်စရာမလိုဘဲ အချိန်မဆိုင်း ဆင့်ခေါ်မေးမြန်းခွင့်ရဖို့ အာဏာလိုတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို ယုံကြည်သက်ဝင်ပြီး ဗုဒ္ဓလမ်းစဉ်အတိုင်း ကျင့်ကြံဖို့ ရဟန်းဘောင်ကိုဝင်ပြီး ရဟန်းပြုတဲ့ သူတွေလည်း ရှိတယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့အခြားသူတွေက ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူဖို့ သူတို့မှာ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ ဒါတွေက ရဟန်းဝတ်ပြီး စီးပွားရှာဖို့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကြောင့် တချို့လူတွေက ကျွန်တော်တို့ အမျိုးသားဗုဒ္ဓဘာသာရုံးအနေနဲ့ ကျောင်းတိုက်တွေကို စစ်ဆေးပြီး သာသာနာ့ သန့်ရှင်းရေးကို ဆောင်ရွက်စေချင်ပါတယ်။

ထိုင်းနိုင်ငံမှာ ဘုန်းကြီးပေါင်း ၃၅၀၀၀၀ (၃သိန်းခွဲ) ရှိပါတယ်။ ထိုင်းမှာဘုန်းကြီးများဟာ ဗုဒ္ဓဘာသာကို စောင့်ရှောက်သူများဖြစ်ပြီး ဗုဒ္ဓဘာသာဟာ ဘာသာရေးသက်သက်မျှသာ မဟုတ်ဘဲ အမျိုးသားရေး လက္ခဏာပါ ဆောင်ပါတယ်။ ဘုန်းကြီးများဟာ အကျင့်စာရိတ္တ ကောင်းမွန်ရန် လမ်းညွှန်ပေးသူတွေနဲ့ စာပေသင်ကြား ပေးတဲ့ဆရာတွေလည်း ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဘုန်းကြီးတွေကို ဝေဖန်တာဟာ အထိမခံတဲ့သဘော ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘုန်းကြီးအများအပြားက ရာဇဝတ်မှုကျူးလွန်မှုတွေ ရှိလာခဲ့တဲ့အခါ လူထုက မယုံသင်္ကာ ဖြစ်လာကြပြီး ဘုန်းကြီးတွေကို ကျင့်ဝတ်ပိုင်းဆိုင်ရာ စိမ်ခေါ်မှုတွေ ရှိလာခဲ့ပါတယ်။ အဲ့ဒီကနေတဆင့် ထိုင်းမီဒီယာတွေက ဘုန်းကြီးတွေရဲ့ အကျင့်ပျက်မှုတွေကို မကြာခဏ တင်ပြပြီး ဝေဖန်လာခဲ့ကြပါတယ်။

ဒေါ်လာ ၃၂ သန်း ချမ်းသာတဲ့ နိမ်ခမ်း (Kham) လို့ အမည်ရတဲ့ဘုန်းကြီးဟာ ကိုယ်ပိုင်ဂျက်လေယဉ်နဲ့ ခရီးသွားပြီး နေကာမျက်မှန် အကောင်းစားတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ ခမ်းနားစွာ နေထိုင်သူဖြစ်ပါတယ်။ သူ့မှာ ဘဏ်အကောင့် ၄၀ လောက် ဖွင့်ထားပြီး သူ့ကို စစ်ဆေးတဲ့အခါ သူကတိုင်းပြည်ကနေ ထွက်ပြေးသွားတယ်။ ဒါအို (Dao) (အမည်လွှဲ) လို့ခေါ်တဲ့ ကလေးမနဲ့ တိတ်တိတ်ပုန်းအကြောင်းပါခဲ့ပြီး သားကလေးတယောက် ရခဲ့တယ်။ ဒါအိုက ဘုန်းကြီးက ကျမကို ချစ်တယ်လို့ ထင်ခဲ့မိတယ် ကျမကလည်း ဘုန်းကြီးကို မသိနားမလည်တဲ့အတွက် ချစ်ခဲ့တယ်။


ဘုန်းကြီးနဲ့ညားခဲ့တဲ့ အချိန်က ဒါအိုက ၁၄ နှစ်သမီးသာ ရှိသေးပြီး သူ့အသက် ၁၅ နှစ်မှာ ကိုယ်ဝန်ရလာခဲ့တယ်။ DNA စစ်ဆေးချက်အရ ဒါအိုရဲ့သားဟာ ဘုန်းကြီးနိမ်ခမ်းနဲ့ရတယ်ဆိုတာ သက်သေထူနိုင်ခဲ့ပါတယ်။


ဘုန်းကြီးနိမ်ခမ်းဟာ ရေပေါ်မှာလမ်းလျှောက်ပြနိုင်တယ်၊ လေထဲမှာပျံနိုင်တယ်ဆိုပြီး လူတွေက သူ့ကို ငွေကြေးတွေပုံသြလှူဒါန်းကြတယ်။ ဒါကြောင့် ဘုန်းကြီးနိမ်ခမ်းဟာ ဒေါ်လာသန်းချီပြီးရလာခဲ့တယ်လို့ ဆိုတယ်။ အခုတော့ သူတည်ထောင်ခဲ့တဲ့ကျောင်းမှာ သံဃာအနည်းငယ်သာရှိပြီး လာရောက် ကိုးကွယ်သူတွေလည်း မရှိတော့ပါဘူး။ ထိုင်းပုလိပ်တွေက သူ့ပတ်စပို့ကို ဖျက်သိမ်းလိုက်ပါတယ်။ သူဟာ အခုအခါမှာ အမေရိကန်နိုင်ငံမှာနေထိုင်နေပြီး သူ့ကိုဆက်လက်ပြီးကိုးကွယ်နေတဲ့ ထိုင်းပရိတ်ဿတ် အများအပြားလည်း ဆက်ရှိနေတာကို အံ့သြစွာတွေ့ရပါတယ်။ “လူတွေကပြောကြတယ် ကျုပ်မှာမိန်းမ (၈) ယောက်တောင် ရှိတယ်ဆိုပဲ ကျုပ်က အခုထိလူပျိုရည်တောင်မပျက်သေးပါဘူး”လို့ ဘုန်းကြီးနိမ်ခမ်းက သူ့ပရိတ်ဿတ်ကို ပြောတာကို ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။


ကာလီဖိုးနီးယားပြည်နယ်၊ စင်ဒီယာဂိုမြို့အခမ်းအနားကို ဘုန်းကြီးနိမ်ခမ်း တက်ရောက်လာတုန်းက သတင်းထောက်က မေးမြန်းဖို့ကြိုးစားခဲ့ပါတယ်။ “သတင်းတွေထဲမှာပါတဲ့အတိုင်း ကျူပ်ကကျူးလွန်ခဲ့တာ မဟုတ်ပါဘူး၊ ဒီလိုသတင်းတွေက ကျုပ်ရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေတယ်” လို့ သူက သူ့ပရိတ်ဿတ်ကို ပြောပါတယ်။ “ကျုပ် အမေရိကားမှာနေပြီး ကျုပ်ရဲ့ယုံကြည်ကိုးကွယ်မှုကိုဒီနိုင်ငံမှာ ဆက်လက်ဖြန့်ဖြူး သာသနာပြုသွားမယ်” လို့ ဆိုပါတယ်။


သတင်းထောက်က သူ့ကိုအင်တာဗျူး ခွင့်တောင်းတဲ့အခါ သူက ရှောင်ထွက်ပြေးသွားခဲ့ပါတယ်။ အမေရိကားမှာ သူ့အတွက်နေထိုင်ဖို့ အချိန်သိပ်ရှိချင်မှရှိတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းပုလိပ်တွေက သူကိုရာဇဝတ်မှုနဲ့ ပြန်ပို့ပေးဖို့ လုပ်ဆောင်နေပြီဖြစ်လို့ပါ။


ဘုန်းကြီးနိမ်ခမ်းအမှုကို ဖော်ထုတ်နေတဲ့ရှေ့နေကြီး စုန်ကန်အက်ချလီရပ်ဆပ်ကို ဘန်ကောက်မှာ သတင်းထောက်က သွားတွေ့ခဲ့ပါတယ်။ သူက ဘုန်းကြီးတွေ မဖွယ်မရာလုပ် နေတာတွေကို လိုက်လံဖော်ထုတ်ပြီး အရေးယူနိုင်အောင် ကြိုးစားဆောင်ရွက်နေတဲ့ ရှေ့နေကြီးဖြစ်ပါတယ်။ သူ့တိုင်းပြည်နဲ့ သူယုံကြည်တဲ့ဘာသာကို ကာကွယ်ပေးဖို့ သူက ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်တာကာလအတွင်း ဘုန်းကြီး အပါး ၆၀ ခန့်ကို သူက တရားစွဲဆိုပြီး အရေးယူနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီ့အတွက် သူဟာ နာမည်ကျော်ကြား လူသိများပြီး သူ့အိမ်မှာ ဘုန်းကြီးတွေ မဟုတ်တာလုပ်ခံရလို့ အကူအညီလိုသူတွေနဲ့ ပြည့်နေတတ်ပါတယ်။ သူ့သတင်းအချက်အလက်တွေက ပေါ်ပြူလာဖြစ်တဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ရရှိပါတယ်။

သူက ဘုန်းကြီးနိမ်ခမ်းအကြောင်းကို သူ့ဖေ့ဘွတ်စာမျက်နှာမှာစတင်တော့ ခင်ဗျားရေးတာတွေ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး မေးလာတယ်။ မင်းတို့က ဒီကိစ္စကို ကူညီချင်လို့ မေးတာလားဆိုတော့ ဒီလူတွေ ထွက်ပြေးသွားကြတယ်။ နောက်ပိုင်း ဘုန်းကြီးနိမ်ခမ်းလည်း ထွက်ပြေးရတာပဲလို့ သူကဆိုတယ်။ စုံကမ်က မီဒီယာကို အသုံးပြုပြီး ဘုန်းကြီးဆိုးတွေကို အရေးယူဖို့ တွန်းအားပေးတဲ့ နည်းစနစ်ကို အသုံးချတယ်။ ဘုန်းကြီးတွေ မဟုတ်တာလုပ်နေတာကို စုံကမ်နဲ့ သူ့လူတွေကသာ စိတ်ပါလက်ပါ ဆောင်ရွက်သူတွေဖြစ်လို့ အကူအညီလိုတဲ့သူတွေဟာ သူ့ဆီကိုသာ ဦးတည်လာကြတယ်။

ဒီထက်ဆိုးဝါးတဲ့အမှုတခုက ချင်းမိုင်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအမှုကတော့ ငွေပေးပြီး ကလေးငယ်များကိုသာ ကာမမှု ကျူးလွန်တဲ့ (Paedophile) ကာမမုဆိုးဘုန်းကြီးတွေရဲ့ အမှု ဖြစ်ပါတယ်။


ပရာဒူဒမ်ဆိုသူနဲ့ ဘုန်းကြီး ၅ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဦးဆောင်စစ်ဆေးသူ ဗိုလ်မှူး ချာယကွန်က ကလေး ၈ ယောက်က သားကောင်တွေ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အသက်က ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ယောက်ျားလေးတွေ ဖြစ်ပြီး ဒူဒမ်က ဒီကလေးတွေကို ဘုန်းကြီးတွေဆီကို ခေါ်သွားပြီးပို့ပေးရင် ကလေးတယောက်ကို ၁၅ ဒေါ်လာရပါတယ်။ ဒီဘုန်းကြီးကျောင်းမှာ ကလေးတွေရဲ့ အဝတ်မပါတဲ့ပုံတွေ ဓါတ်ပုံတွေနဲ့ ကင်မရာတွေကို သိမ်းဆည်းရမိပါတယ်။ ကလေးအယောက် ၁၀၀ ကျော်ရဲ့ ပုံတွေလည်း ပါပါတယ်။

ဘုန်းကြီးတယောက်က ဝန်ခံလို့ သင်္ကန်းချွတ်ပြီး လွှတ်ပေးခဲ့ကြောင်း ရှင်းပြပါတယ်။  ကျန် ၄ ယောက်ကတော့ ဝန်မခံတဲ့အတွက် အမှုရင်ဆိုင်နေရပါတယ်။ ဒူဒမ်ကတော့ ပြစ်မှုထင်ရှားတဲ့ အတွက် ထောင်ကျပါတယ်။ ရဲတပ်ဖွဲ့က အမှုကကြီးတဲ့အတွက် ကလေးတွေကို သပ်သပ်ခွဲထားပြီး ဘုန်းကြီးတွေရဲ့ ဓါတ်ပုံတွေကို ရောနှောချပြခဲ့ပြီး သူတို့ကို ကျူးလွန်ခဲ့တဲ့ ဘုန်းကြီးတွေကို ထောက်ပြစေပြီး ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒူဒမ်က ကလေးတွေကို ဘုန်းကြီးကျောင်း တကျောင်းကနေ တကျောင်းကို ချင်းမိုင်နဲ့လမ်ဖုံ ခရိုင်က အခြားကျောင်းတွေကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး ဒီကျောင်းတွေက ကလေးတယောက် အတွက် သူ့ကို ၁၀ ဒေါ်လာကနေ ၁၅ဒေါ်လာအထိ ပေးတယ်လို့ သိရပါတယ်။

ကလေးတွေ ညွှန်ပြတဲ့ ဘုန်းကြီးကျောင်းတွေက ဘုန်းကြီးပုံတွေကို ရဲကမှတ်တမ်းယူပြီး ကလေးတွေကို အတည်ပြုချက်ယူပါတယ်။ သူတို့ကို ဘယ်ဘုန်းကြီးက ကျူးလွန်တယ်ဆိုတာကို ထုတ်ဖော်ပြီးနောက်မှာ ရဲမှုခင်းနှိမ်နင်းရေး တပ်ဖွဲ့က အဲဒီဘုန်းကြီးကျောင်း ၅ ကျောင်းကို စီးနင်းပြီး ဝင်ရောက်ရှာဖွေတဲ့အခါ လိင်ပိုင်းဆိုင်ရာပုံတွေနဲ့ လိင်နဲ့ပတ်သက်တဲ့ အာသာဖြေကိရိယာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီအထောက်အထားတွေကို ဘုန်းကြီးကျောင်းဧည့်ခန်းမှာပဲ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။  “အဲဒီကျောင်းက ဘုန်းကြီးက ကလေးတွေကို မုဒိန်းကျင့်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်” လို့ ဗိုလ်မှူး ချာယကွန်က ကျောင်းကို လက်ညှိုးထိုးပြပြီး ပြောခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်မှူး ချာယကွန်က တရားရုံးချုပ်က ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်ဖို့ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အကြီးဆုံး ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာသာရေး အင်စတီကျူးရှင်းတွေက ဒီဘုန်းကြီးတွေကို အပစ်ပေးဖို့ထက် ကာကွယ်ဖို့ လုပ်နေတာပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။ အပစ်ရှိတဲ့ဘုန်းကြီးတွေကို လက်ထိပ်ခတ်ပြီး အချုပ်ထဲထည့်တာကို သူတို့က မမြင်ချင်ဘူး ပထမသူတို့ကိုယ်တိုင် လူဝတ်လဲပြီးမှသာ အရေးယူဖို့ လိုလားတယ်လို့ ဆိုပါတယ်။

ပရာဗိမွန် မူနီး (Phra Vimon Munee) ဟာ ဘုန်းကြီးပုလိပ်အဖွဲ့ရဲ့ အကြီးအကဲဖြစ်ပါတယ်။  သူက “ဒီလိုပစ်မှု ကျူးလွန်သူတွေကို ကျုပ်တို့က ဘုန်းကြီးတွေလို့ မသတ်မှတ်တော့ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ အလွန်ဆိုးဝါးတဲ့ ပစ်မှုကြီးကို ကျူးလွန်ခဲ့ကြတယ်။ သူတို့ဟာ ဘုန်းကြီးတွေမဟုတ်ဘူး၊ စစ်မှန်တဲ့ဘုန်းကြီးတွေက ဒီလိုအလုပ်မျိုးကို လုပ်ကြမှာမဟုတ်ဘူး” လို့ မိန့်ပါတယ်။

ထိုင်းမှာ ဘုန်းကြီးတွေကိုယ်တိုင်ထူထောင်ထားတဲ့ တရားစီရင်ရေးစနစ်ရှိပါတယ် မြို့နယ်တိုင်းမှာ ဘုန်းကြီး ပုလိပ်ကော်မတီတွေကို ဖွဲ့စည်းထားပြီး ပစ်မှုကျူးလွန်တာတွေကို စစ်ဆေးပါတယ်။ အခုလည်း ချင်းမိုင်မှာ ဒီလိုကော်မတီတခု ရှိပါတယ်။ အခု လိင်မှုဆိုင်ရာ ကွင်းဆက်ဂိုဏ်းကြီးအဖြစ် ပေါ်ထွက်လာတဲ့အခါ တရားဝင် ဘုန်းကြီး ပုလိပ်အဖွဲ့ကြီးလည်း ပါဝင်လာခဲ့ပါတယ်။ ပရာဗိမွန် မူနီး ဘုန်းကြီးရဲ့ စည်းကမ်း ထိန်းသိမ်းရေး ပုလိပ်အဖွဲ့က ဒီအမှုကို ကိုင်တွယ်ခဲ့ပါတယ်။ ဘုန်းကြီးတွေပစ်မှုတွေ ကျူးလွန်တဲ့အခါ  ရိုက်နှက်တာတွေ ထောင်ချတာတွေ မလုပ်ဘဲ ဗုဒ္ဓလမ်းစဉ်အတိုင်း သူတို့ကို လူဝတ်လဲပေးလိုက်တဲ့ ပစ်ဒဏ်ပဲ ပေးလေ့ရှိပြီး သူတို့ဟာ လူကြားမတိုးနိုင်အောင်အရှက်ရစေတယ်လို့ ဆိုပါတယ်။

ချင်းမိုင်ရှိ ဘုန်းကြီးပုလိပ်ကော်မတီတွေ (ဓာတ်ပုံ။ Aljazeera)

နောက်ဇတ်လမ်းတခုကတော့ ဒုဗိုလ်မှူးကြီး ဆယွန်ဖူ (Lieutenant Colonel Sayomphu)ဟာ ရဲတပ်ဖွဲ့မှာနှစ်၂၀ခန့် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တဦးလည်းဖြစ်ပါတယ်။ သူကဗုဒ္ဓဘာသာဝင် ရဟန်းတွေထဲမှာ အကျင့်သိက္ခာမဲ့နေတဲ့ သူတွေကို ရှင်းလင်းပစ်ဖို့ စိတ်ဆုံးဖြတ်ထားသူ ဖြစ်ပါတယ် ဘုန်းကြီးကျောင်း အရိပ်ကိုခိုပြီး နေတဲ့ ရာဇဝတ်သားတွေကို ရှာဖွေဖမ်းဆီးဖို့ စိတ်အားသန်သူ တယောက်လည်း ဖြစ်ပါတယ်။ သူက သတင်းမှတ်တမ်းတင်သူနဲ့အတူ ချင်းမိုင်ကသတင်းရထားတဲ့ ဘုန်းကြီးကျောင်းတခုကို မူးယစ်ဆေးဝါး ရောင်းဝယ်နေစဉ် ဝင်စီးခဲ့ပြီး မက်သမက်ဖင်း မူးယစ်ဆေးဝယ်ယူနေတဲ့ ဘုန်းကြီး ၂ ပါးနဲ့ ဆေးရောင်းချတဲ့ ဂိုဏ်းဝင်၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

“ပြည်သူက ကျွန်တော်တို့ကို အားပေးထောက်ခံကြတယ်။ ဗုဒ္ဓဘာသာကို အတွင်းကနေဝင် ဖျက်စီးနေသူတွေ၊ ဘာသာရေးရဲ့ရန်သူကို ကွယ်ပျောက်သွားအောင်လုပ်နိုင်မှ ကျွန်တော်တို့ဘာသာဟာ တည်တံ့နိုင်မယ်လေ” လို့  ဒုဗိုလ်မှူးကြီး ဆယွန်ဖူက ဆိုပါတယ်။

သူကဆက်ပြီး “ဘယ်သူမဆို ရဟန်းဘောင်ဝင်ချင်တယ်ဆိုရင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယောက်ျားပီသသူ ဖြစ်ရပါ့မယ်။ သူတို့ဟာ လူအများယုံကြည်ကိုးစားမှုကို ချိုးဖောက်ခဲ့ရင် ဒီအချက်က ဗုဒ္ဓဘာသာကို လူတွေ ကြည်ညိုမှုကနေ ကျဆင်းသွားစေမှာ ဖြစ်တယ်။ အနာဂါတ်မှာ သူတို့ကို လူတွေက ရိုသေလေးစားမှာ မဟုတ်တော့ဘူး။ ဒီလိုဖြစ်လာရင် ရဟန်းသံဃာထုတရပ်လုံးကို ထိခိုက်တော့မှာဖြစ်တယ်” လို့ သူကပြောပါတယ်။

ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဟာ ထိုင်းနိုင်ငံမှာ သြဇာကြီးမားတဲ့ နှစ်ပေါင်းရာချီနေတဲ့ အင်စတီကျူးရှင်းကြီးဖြစ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ဝေဖန်ပြစ်တင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ အမည်လွှဲထားတဲ့မိခင်တယောက်ဖြစ် သူ လိပ်ခ် (Lak) က သာသနာထိပ်ပိုင်းက ဘုန်းကြီးတွေကို ယုံကြည်မှုမရှိတော့ပါဘူးလို့ ဆိုတယ်။

အသက် ၁၆ နှစ်အရွယ် သူ့သားကလေး ကိုရင်ဘဝနဲ့ ရှိနေစဉ်တနေ့မှာ ကျောင်းတိုက်ကနေ လေ့လာရေးခရီးကို အတူတူသွားပြီး ပြန်လာတဲ့အခါ သူမသားရဲ့ လက်မောင်း၊ ပခုံးနဲ့ ခန္ဓာကိုယ်တွေမှာ ကြိမ်နဲ့ရိုက်ထားတဲ့ ရိုက်ချက်ကြောင့် အရှိုးရာတွေနဲ့ တချို့နေရာမှာ ရိုက်ချက်ပြင်းလို့ ဟက်တက်ကွဲ နေတာတွေကို သူမက တွေ့ရှိခဲ့ပါတယ်။ သူချစ်တဲ့သားလေးကို အုပ်ထိန်းသူဘုန်းကြီးက ညအချိန်မှာ မိုဘိုင်းဖုန်း ကြည့်လို့ ပစ်ဒဏ်ပေးတာ ဒီလောက်အထိ လုပ်စရာလားဆိုပြီး သူက တိုင်တန်းခဲ့ပေမဲ့ ကျောင်းထိုင်ကကော ဒီလိုရိုက်နှက်ခဲ့တဲ့ ဥပဇင်းကပါ မတောင်းပန်ခဲ့ပဲ လျှော်ကြေး ဘယ်လောက် လိုချင်သလဲလို့သာ ပြန်မေးတယ်လို့ ဆိုပါတယ်။ အထက်က ကျောင်းထိုင် ဆရာတော်ကလည်း ဘုန်းကြီးအချင်းချင်းကိုသာ အကာအကွယ်ပေးလိုတယ်။ ကျမသား ဘယ်လိုနေလဲ နေကောင်းလာပြီလားတောင် မမေးကြဘူး။ ကျူးလွန်တဲ့ဘုန်းကြီးက သူဘာမှ မှားဘူး ဆိုတယ်။ သင်္ကန်းဝတ်ထားပြီး ဒီလိုရက်ရက် စက်စက်ရိုက်တာကို အပစ်လို့ မမြင်ဘူး။

သူတို့ကမတောင်းပန်ဘူး ငွေဘယ်လောက်ယူမလဲပဲ မေးတယ် ကျမက ငွေမယူချင်ဘူး တောင်းပန်ခိုင်းတယ်။ သူတို့က မတောင်းပန်ဘူး  နောက်ဆုံး ရဲတိုင်အမှုဖွင့်ပြီး တရားရုံးမှာ တရားရင်ဆိုင်ကြတယ်။ ဘုန်းကြီးကလည်း ရှေ့နေငှားတယ် နောက်ဆုံးတရားရုံးက အမှုထင်ရှားတဲ့ အတွက် လျော်ကြေး သြစတေးလျ ဒေါ်လာ ၄၀၀၀ ချပြီး အမှုပြီးသွားခဲ့တယ်။ ကျမတို့က သူတို့ကို ယုံကြည်လို့ ကလေးကို အပ်ခဲ့တယ်။ သူတို့ကယုံကြည်မှုကို ဖောက်ဖျက်ပြီး ရိုက်နှက်ခဲ့တယ်။ ကျမအနေနဲ့ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးလို့ မိခင်ဖြစ်သူ လိပ်ခ်က ဆိုပါတယ်။

အကျင့်ပျက်နေတဲ့ ဘုန်းကြီးတွေဟာ နေရာတိုင်းမှာရှိနေတယ်လို့ တောရဆရာတော်ကြီး ပရာ ပိုင်ဆော် ဗီစလို (Phra Paisol Visalo) က မိန့်ပါတယ်။ ဆရာတော်အနေနဲ့ စနစ်ကြီးက ဒီအကျင့်ပျက်ရဟန်းတွေကို အကာအကွယ်ပေးသလိုများ ဖြစ်နေတယ်လို့ ထင်ပါသလားလို့ မေးတဲ့အခါ ဆရာတော်ကြီးက “အင်းဒီလိုပဲ ပြောချင်ပါတယ် ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ။ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အချိန်ကျော်လွန် နေပေမဲ့ အချိန်မနှောင်း သေးပါဘူး” လို့ မိန့်ခဲ့ပါတယ်။

“ကျုပ်တို့မှာ မျှော်လင့်ချက်တွေ ရှိနေသေးပေမယ့် အချိန်ယူရမယ်၊ ဒီနေရာမှာ တန်ဖိုးရှိတဲ့ ဗုဒ္ဓရဲ့သင်ကြားမှုတချို့ကို မေ့လျော့နေခဲ့ကြတယ်၊ အထူးသဖြင့် အတွင်းစိတ်ရဲ့လွတ်လပ်မှု၊ စစ်မှန်တဲ့ ပျော်ရွှင်မှု ဒီပျော်ရွှင်ရမှုဟာ ရုပ်ပစ္စည်း ကြွယ်ဝမှုကြောင့်ရတဲ့ ပျော်ရွှင်မှုထက် သာလွန်တဲ့ တဖက်မှာ ရှိနေတယ် ဆိုတာကို မေ့လျော့ထားခဲ့ ကြတယ်။ ဒီလို စိတ်အေးချမ်းမှုကိုပေးနိုင်တဲ့ သင်ကြားမှုတွေကို ပြန်လည် ထိန်းသိမ်းသင့် အလေးထားသင့်တယ်” လို့ မိန့်ခဲ့ပါတယ်။

ထိုင်းစစ်အစိုးရက ဘုန်းကြီးများမဖွယ်မရာလုပ်နေမှုကို ဖြေရှင်းဖို့ မသင်္ကာ စရာကောင်းတဲ့ ဘုန်းကြီးလှုပ်ရှားမှုတွေ ရှိနေရင်တိုင်ကြားဖို့ hotline လို့ခေါ်တဲ့ အရေးပေါ်ဖုံးလိုင်းတခုကို ထားပေးခဲ့ပါတယ် ၅လအတွင်း ဖုံးခေါ်ဆိုမှုပေါင်း ၉၀၀ကိုလက်ခံရရှိခဲ့ပါတယ်။ ငွေအလွဲသုံးစားလုပ်မှု၊ လောင်းကစားလုပ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့အတွက် တိုင်ကြားတာကအများစု ဖြစ်တယ်လို့ ပြောပါတယ်။ အင်စပက်တာချတ်ချိုင်းက သူတို့စုံစမ်းစစ်ဆေးရေးအဖွဲ့က ဘုန်းကြီးပုလိပ်အဖွဲ့နဲ့ပူးပေါင်းပြီး အမှုပေါင်း ၈၀၀ကျော်ကို ဖြေရှင်း နိုင်ခဲ့တယ်လို့ ဆိုပါတယ် ဒါပေမဲ့ သူကသူတို့ရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ အကြီးဆုံးပစ်ဒဏ်က ပစ်မှုကျူးလွန်တဲ့ ဘုန်းကြီးတွေကို လူဝတ်လဲ စေတာပဲဖြစ်ပြီး ဒီလိုလူဝတ်လဲပေးပြီးရင် သူတို့အလုပ်က ပြီးစီးသွားပြီးဖြစ်တယ် ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရဟန်းတွေကို လူတွေလိုဆက်ပြီး အပစ်ဒဏ်ပေးလို့ မရဘူးလို့ သူကထောက်ပြခဲ့ပါတယ်။ သူကပြစ်မှု ကျူးလွန်တဲ့ ဘုန်းကြီးတွေကို ရာဇဝတ်မှုနဲ့စွဲချက်တင်ပြီး ဒီထက်ပိုပြီး အရေးယူသင့်တယ်လို့ မြင်ပါတယ်

ထိုင်းစစ်အစိုးရက ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ လုပ်နေတယ်လို့ဆိုပါတယ်။ ဒီအချက်က ရာဇဝတ်မှု မြောက်တဲ့အမှုကို ကျူးလွန်တဲ့ ဘုန်းကြီးတွေ ကိုလည်း လူတွေလိုပဲ ထောင်ချနိုင်တော့မှာဖြစ်ပါတယ်။ ထို့အတူ သူတို့နဲ့အတူနေလို့ အဖမ်းခံရတဲ့မိန်းမတွေလည်း အပစ်ဒဏ်ခံရမယ်လို့ ဆိုပါတယ်။ ဒီအတွက် ဗုဒ္ဓဘာသာကို စော်ကားတဲ့အပြုအမှု ဗုဒ္ဓပုံတော်ကိုလမ်းမှာချထားတာတွေကိုလည်း အရေးယူနိုင်တော့မယ်လို့ ချတ်ချိုင်းက ဆိုပါတယ်။ ဝေဖန်သူတွေက အစိုးရကနေ နိုင်ငံရဲ့အာဏာထဲမှာ ဗုဒ္ဓဘာသာ ဥပဒေအသစ်ကို ထည့်သွင်း ပြဌာန်းလိုက်ရင် ဘာသာရေး လွတ်လပ်မှုကို ချိန်းခြောက်မှု ဖြစ်လာမလားလို့စိုးရိမ်ခဲ့ကြပါတယ်။

တောရဆောက်တည်နေတဲ့ သစ်တောတွင်းမှာ နေထိုင်ကျင့်ကြံနေတဲ့ ဆရာတော်ကြီး ပရာဆီမာဂတ္ထာမိုက အခြားဘုန်းကြီးတွေ ဘာကြောင့် ရုန်းကန်ကြိုးစားနေရတယ်ဆိုတာကို သူကနားလည်တယ်လို့ဆိုပါတယ်။ “လူတွေက ဘုန်းကြီးတွေဟာ ဗုဒ္ဓချမှတ်ထားတဲ့ စည်းကမ်းအတိုင်း တင်းကြပ်စွာ လိုက်နာ သင့်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ မသင့်တော်တဲ့ အပြုအမှု ကျင့်ကြံမှုတွေဟာ ဖြစ်လာနိုင်ပါတယ် ဘယ်နိုင်ငံမဆို ဘယ်ဘာသာမှာမဆို ဖြစ်လာနိုင်ပါတယ်။” သူကဆက်ပြီး “ဘုန်းကြီးတွေဟာလည်း သာမန်ယောက်ျားတွေပဲဖြစ်ပြီး သူတို့ကို လူသားတွေလို့ပဲ ခေါ်ချင်ပါတယ်။ လူတွေမှာ အဆင့်မတူညီတဲ့ ရိုးသားမှုတွေရှိကြပါတယ် ဘုန်းကြီးတွေမှာလည်း အတူတူပါပဲ။ လူတွေက ဘုန်းကြီးတွေအပေါ်မှာ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားနေကြတယ်။ လူတွေက အမြဲတမ်း ဖြောင့်မတ်စွာနေထိုင်ဖို့ ကြိုးစားရမယ်ဘုန်းကြီးတွေကလည်း ဒီလိုပဲလုပ်ကြရမယ်” လို့ မိန့်ပါတယ်။

ထိုင်းမှာလူတွေက ဘုန်းကြီးတွေကို အကြည်အညိုပျက်လာကြပြီး ဘာသာရေးကို စွန့်လွှတ်လာကြတယ်။ ဘုန်းကြီးတွေကို ဖိအားပေးမှုတွေ ပိုမိုများပြားလာခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတဝှမ်းရှိ လူ့အဖွဲ့အစည်းများမှာ တဦးချင်းကနေ အစိုးရအထိ ဗုဒဘာသာရဲ့တန်ဖိုးကို ကာကွယ်ဖို့ ကြိုးစားနေကြပြီး သူတို့အနေနဲ့ ဒီကိစ္စဟာ အင်မတန်အရေးကြီးတယ်လို့မြင်ကြပြီး ထိုင်းလူမျိုးအဖြစ် ဖြစ်တည်နေမှုဟာ ဗုဒ္ဓဘာသာနဲ့အတူ ပူးယှက်နေခဲ့ တာကြောင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့် ရှောက်ကြရမှာက သူတို့အားလုံးရဲ့ တာဝန်အဖြစ် ခံယူထားကြပါတယ်။ ဗုဒ္ဓဘာသာကျဆုံးမှုဟာ နိုင်ငံကျဆုံးမှု အဖြစ် မြင်ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ရုရှားထိုးစစ် အလားအလာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 12 Views
++++++++++++++++++++++ Sumy ဒေသ၊ ယူကရိန်း CNN Vasyl သည် ရုရှားပိုင်နက်အတွင်း မိုင်ပေါင်းများစွာ နက်ရှိုင်းစွာ တည်ရှိနေခဲ့ပြီး ပေါက်ကွဲစေတတ်သော
နိုင်ငံတကာသတင်း ဥရောပ

အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေမှုနှင့် မုဒိန်းကောင်၊ သူခိုးဓားပြများနှင့်တန်းတူ ထောင်ဒဏ်ချမှတ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၄) ရက်၊ လန်ဒန်-CNN။ လက်ယာယိမ်းအကြမ်းဖက်သမားများသည် ပြီးခဲ့သည့်လက ယူကေ၏ နေရာအနှံ့အပြားတွင် လူမျိုးရေးခွဲခြားသည့်အကြမ်းဖက်မှုများဖြင့် လူ့အသိုင်းအဝိုင်းများကို တိုက်ခိုက်ခဲ့ချိန်တွင် အသက်
နိုင်ငံတကာသတင်း အမေရိကန်

မြို့တော်ကို တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ သိမ်းပိုက်လိုက်ပြီဟု ထရန့်က ထပ်လောင်း လိမ်ညာပြောဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 6 Views
စက်တင်ဘာလ (၁၅) ရက်၊ CNN။ ဟေတီနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူဦးရေ တိုးများလာနေသည့် အိုဟိုင်းယိုးပြည်နယ် အနောက်အလယ်ပိုင်းရှိ စပရင်းဖီးလ်မြို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ သိမ်းပိုက်ထားကြောင်း ၁၄ ရက်နေ့က အခိုင်အမာ ပြောကြားလိုက်သည်။ သမ္မတထရန့်သည် မကြာသေးမီက လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က လက်ယာစွန်းသွေးကြွလှုံ့ဆော်သူအား ကြိုးကိုင်နေခြင်း မဟုတ်ကြောင်း အခိုင်အမာဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
“ သူမဟာ လွတ်လပ်စွာ လုပ်ဆောင်နေသူသာ” ဖြစ်သည်ဟုဆို စက်တင်ဘာလ (၁၅) ရက်၊ ကယ်လီဖိုးနီးယား၊ (CNN)။ နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်သူ သမ္မတဟောင်းထရမ့်သည် စက်တင်ဘာလ (၁၃) ရက်နေ့က လူသိများသော လက်ယာစွန်းလှုံ့ဆော်သူ
နိုင်ငံတကာသတင်း အာရှ

တရုတ်သွင်းကုန်တွေကို အမေရိကန်အစိုးရက အခွန်တိုးမြှင့်ကောက်ခံဖို့ဆုံးဖြတ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
++++++++++++++++++ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းတွေကို အကာအကွယ်ယူဖို့အတွက်အတွက် အမေရိကန်အစိုးရဟာ EV ကားတွေအပေါ် 100 ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအပါအဝင် တရုတ်စက်မှုသွင်းကုန်တွေကို အခွန်တင်းကြပ်လိုက်ပါတယ်။ အိမ်ဖြူတော်ထိပ်တန်းစီးပွါးရေးအကြံပေး လက်ဘရိန်းနက်က အမေရိကန်နိုင်ငံရဲ့ EV ကားလုပ်ငန်းဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို အားကိုးနေရတဲ့အခြေအနေကနေ
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ထရန့်နှင့် ဟဲရစ်ကို ဝေဖန်ပြီး မဲဆန္ဒရှင်များသည် ‘မကောင်းမှုနှစ်ခုထဲမှ ပိုနည်းသည့် သူကို ရွေးချယ်ရမည်’ ဟု ပြောခဲ့သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 4 Views
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သမ္မတရွေးကောက်ပွဲတွင် အမေရိကန်မဲဆန္ဒရှင်များ ရွေးချယ်ရမည့် ရွေးချယ်မှုသည် “မကောင်းမှုနှစ်ရပ်ထဲကနေ မကောင်းမှု ပိုနည်းတာကို ရွေးချယ်ဖို့” ဖြစ်သည်ဟု ဆိုသည်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ရေးမူဝါဒများနှင့် ဒုသမ္မတ ကာမလာဟဲရစ်၏ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ထောက်ခံမှုတို့ကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ထောက်ခံသူ အင်ဖလူရင်ဇာ လော်ရာလူမာ (Laura Loomer) က ကာမလာဟားရစ် အနိုင်ရပါက အိမ်ဖြူတော်မှာ ဟင်းနံ့တွေ ရလာမှာဖြစ်တယ်လို့ ပြောလို့ ဝေဖန်ခံနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 3 Views
စက်တင်ဘာ (၁၄) ရက်။ ထရန့်ကို ထောက်ခံပြီး ထရန့်အတွက် အလုပ်လုပ်ပေးနေတဲ့ လော်ရာလူမာကို ရီပတ်ဘလစ်ကန်တွေက သူ့ရဲ့မှတ်ချက်တွေအတွက် လူမျိုးရေးခွဲခြားတာဖြစ်တယ်လို့ ဝေဖန်လိုက်ကြပါတယ်။ လက်ယာစွန်း လော်ရာလူမာနဲ့ လက်တွဲပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ထရန့်အတွက်
နိုင်ငံတကာသတင်း အမေရိကန်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 17 Views
ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ် +++++++++++++++++++ ABC သတင်းဌာနက အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ရီပက်ဘလီကန်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်တို့ရဲ့ စကားစစ်ထိုးပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းကျင်းပမယ့် အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲအတွက် သူတို့ နှစ်ဦးစလုံး