စက်တင်ဘာလ (၂၉)ရက်။
ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်က မန္တလေးရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲ (၁၀၇)မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Braves Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ဆင်ရေး (၂၂)အနေနဲ့ BWM ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က (၁၀၇)မမ ရှော့တိုက်ဒုံး (၆)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့အထဲ ထိခိုက်ပျက်စီးတဲ့အခြေအနေကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဆုံးရှုံးခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ရှုံးစစ်ကောင်စီရဲ့ အဓိကအားထားရတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်လာပြီး ရန်နိုင်မင်းစစ်ဆင်ရေးဆိုကာ တိုင်းစစ်ဌာနချုပ်အင်အားကို ဖြည့်တင်းထားတယ်လို့ ရေးသားထားပါတယ်။
BWM အနေနဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ လေတပ်တွေအပြင် အခြားစစ်ရေးပစ်မှတ်ကြီးတွေကိုလဲ ရှာဖွေဖော်ထုတ် တိုက်ခိုက်နေကာ တိုင်းစစ်ဌာနချုပ်တွေဟာ ပင်မစစ်ရေးဗဟိုချက်ဖြစ်တာကြောင့် အခုလို ရွေးချယ်တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။
BWM နဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်တာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလမှာ တစ်ကြိမ်နဲ့ အခုလ (၃)ရက်နေ့မှာတစ်ကြိမ် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။