မတ်လ (၄)ရက်။
အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ တနိုင်ငံလုံးလွတ်မြောက်ဖို့ လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့ ပြုလုပ်ရတာတွေရှိသလို စစ်ရေးဖော်ဆောင်တဲ့ အခြေအနေကိုလိုက်ပြီး လက်နက်တပ်ဆင်ဖို့တွေကိုလဲ ဆောင်ရွက်ရပါတယ်။ ဒီလိုအခြေအနေမျိုးကို လိုက်ပါဆောင်ရွက်နိုင်တာမရှိလို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ chain of command အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ ရှိနေပါတယ်” လို့ ဆိုပါတယ်။
အခုလို နှုတ်ထွက်သွားတဲ့ တပ်ရင်းတွေရှိနေသလို တဖက်မှာလဲ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ CoC အောက်ကနေ တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်နေတဲ့ တပ်ရင်းတွေရှိနေပြီး ထပ်မံဝင်ရောက်လိုတဲ့ တပ်ရင်းများစွာ ရှိနေတယ်လို့ အသိပေးထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အောက်ကနေ တော်လှန်ရေးတပ်ရင်းတွေ နှုတ်ထွက်ကြတဲ့ အသေးစိတ်အကြောင်းအရင်းကိုတော့ ပြောဆိုခဲ့တာမရှိသလို ထပ်မံဝင်ရောက်လာမယ့် တပ်ရင်းတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့တွေရှိတယ်ဆိုတာကိုတော့ မသိရပါ။
MOD အောက်ကနေ နှုတ်ထွက်ကြတဲ့ အကြောင်းအရင်းတွေထဲမှာ ဘဏ္ဍာငွေရှင်းတမ်းကိစ္စတွေအပါအဝင် လက်နက်တပ်ဆင်မပေးနိုင်တာနဲ့ ထောက်ပံ့တာတွေ မရတာကြောင့် အများဆုံးပါဝင်တယ်လို့ တော်လှန်ရေးတပ်ရင်းတွေက ထုတ်ပြန်ထားကြပါတယ်။
MOD အောက်ကနေ တော်လှန်ရေးတပ်ရင်းတွေ နှုတ်ထွက်ကြတာဟာ အခုလဆန်းပိုင်းမှာ ပိုမိုများပြားလာသလို နှုတ်ထွက်တဲ့ တပ်ရင်းတွေ ပိုမိုတိုးများလာနိုင်တယ်လို့လဲ ပြောဆိုထားကြပါတယ်။
ဒါ့အပြင် MOD အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ကနေ တနိုင်ငံလုံး လွတ်မြောက်ဖို ရည်ရွယ်ချက်တူညီတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လဲ ဦးနေဘုန်းလတ်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
