နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သွေးထွက်သံယို နှိမ်နင်းမှုအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီးနောက် ရက်သတ္တပတ်များအကြာတွင်၊ သေဆုံးသွားသူတို့၏ မိသားစုများ ဝမ်းနည်းပူဆွေးနေကြသည့် ဤထုံးတမ်းစဉ်လာသည် အရေးပါသော အဓိပ္ပာယ်သစ်တစ်ခု ဆောင်လာခဲ့သည်။

“ ဒီသုသာန်ကြီး ဒီလောက်အထိ လူစည်တာ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး” ဟု အမျိုးသမီးတစ်ဦးက CNN ကို ပြောပြသည်။

အီရန်၏ ယခင်စစ်ပွဲများမှ ကျဆုံးခဲ့သော အာဇာနည်များ၏ ရုပ်အလောင်းများနှင့်အတူ၊ ဘေရှက်အီဇာဟရာ (Behesht-e Zahra) သုသာန်၏ ဖုန်ထူသော မြေလွှာအောက်တွင် ယခုအခါ ဇန်နဝါရီလ ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့ရသည့် ဆန္ဒပြသူတို့၏ ရုပ်ကြွင်းများကို မြှုပ်နှံထားသည်။ ၎င်းမှာ အီရန်လမ်းမများပေါ်တွင် ဖြစ်ပွားခဲ့သော နောက်ဆုံးပဋိပက္ခပင် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က အစ္စရေး၏ ဗုံးကြဲမှုကြောင့် ကျဆုံးခဲ့ရသော အီရန်စစ်သားများ၏ ဂူများ အနီး မြေကွက်ငယ်တစ်ခုတွင် ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့သည့် လုံခြုံရေး အရာရှိအချို့၏ ဂူအသစ်များကို တွေ့ရှိရသည်။

ဂူဗိမာန်များအနားတွင် ဆွေမျိုးများက တိုးတိုးတိတ်တိတ် ငိုကြွေးမြည်တမ်းနေကြပြီး၊ အများစုမှာ အီရန် ရှေးရိုးစွဲဝါဒီများ ဝတ်ဆင်လေ့ရှိသည့် ခြေမျက်စိအထိရှည်သော အနက်ရောင် ချာဒေါ (chador) ဝတ်ရုံများကို ဝတ်ဆင်ထားသည့် အမျိုးသမီးများ ဖြစ်ကြ သည်။

ကားဖြင့် မိနစ်အနည်းငယ် မောင်းသွားရသော သုသာန်၏ အစွန်ဘက်တွင်မူ ဂူကျောက်တိုင် များကြား လူစုလူဝေးအချို့ ရှိနေသည်။ လေးထောင့်စပ်စပ် ဂူများအပေါ်တွင် ပန်းများနှင့် ပွင့်ဖတ်များကို ဖြန့်ခင်းထားပြီး ဂူခေါင်းကျောက်ပြားများကို စောင့်ဆိုင်းနေကြသည်။ အချို့ဂူများတွင် ပြုံးနေသော လူငယ် သို့မဟုတ် အမျိုးသမီးငယ်တစ်ဦး၏ ဓာတ်ပုံက အနီးအနားရှိ ဂူဗိမာန်များကြားမှ စိုက်ကြည့်နေသကဲ့သို့ ရှိနေသည်။

ပြောစရာ စကားတွေ အများကြီး ရှိတယ်’

ဝမ်းနည်းပူဆွေးသူများကို တင်ဆောင်လာသည့် ကားများမှာ တစ်စီးပြီးတစ်စီး ရောက်ရှိ လာသည်။ ကျွန်ုပ်တို့ (သတင်းထောက်များ) သူတို့ကြားတွင် လမ်းလျှောက်နေစဉ် မိသားစု အချို့က မုန့်နှင့် လက်ဖက်ရည်များကို ကမ်းလှမ်းကြသည်။

လူငယ်တစ်ဦး၏ ဂူနံဘေးတွင် သူ၏မိခင်နှင့် အဖွားဖြစ်သူတို့က တိုးတိုးတိတ်တိတ် ရှိုက်ကြီး တငင် ငိုကြွေးနေကြပြီး၊ သူ၏ သူငယ်ချင်းများက ပန်းစည်းများဘေးတွင် ဆောင့်ကြောင့် ထိုင်နေကြသည်။ မျက်ရည်များဖြင့် ပြည့်နေသော သူ၏ ဆွေမျိုးတစ်ဦးက ဆန္ဒပြသူ အများ အပြား ၏ ရုပ်အလောင်းများကို ပို့ဆောင်ထားရာ ခါရီဇက် (Kahrizak )ရင်ခွဲရုံတွင် သူ၏ ရုပ်အလောင်းကို တွေ့ရှိရန် ၄ နာရီကြာ ရှာဖွေခဲ့ရကြောင်း ပြောပြသည်။

အစိုးရ၏ အကြမ်းဖက်မှုသည် သေဆုံးသွားသည့်တိုင်အောင် မိသားစုအပေါ် လိုက်လံ နှောင့်ယှက်မည်ကို စိုးရိမ်သဖြင့် သူမက ထိုလူစုလူဝေးကို ဗီဒီယို မရိုက်ရန် ကျွန်ုပ်တို့အား တောင်းဆိုခဲ့သည်။

မီတာအနည်းငယ်အကွာရှိ အခြားလူငယ်တစ်ဦး၏ ဂူဗိမာန်အနားတွင်လည်း အလားတူ လူစုလူဝေးတစ်ခုကို တွေ့ရသည်။

“ ကျွန်တော်တို့မှာ ပြောစရာ စကားတွေ အများကြီး ရှိတယ်” ဟု သူ၏ သူငယ်ချင်းဖြစ်သူက ကျွန်ုပ်တို့ကို ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သော်လည်း၊ ကြောက်လန့်နေသော သူ၏ ဖခင်ဖြစ်သူက ကျွန်ုပ်တို့ကြားထဲ ဝင်ရောက်တားဆီးကာ တိုးတိုးတိတ်တိတ်ဖြင့် တားမြစ် လိုက်သဖြင့် ပြန်လည် နှုတ်ဆိတ်သွားခဲ့သည်။

CNN သတင်းအဖွဲ့သည် အီရန်နိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို အကန့်အသတ်ဖြင့် လေ့လာခွင့်ရရန် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

စားဝတ်နေရေး အခက်အခဲ

တီဟီရန်မြို့၏ ဂရင်းဘဇား(Grand Bazaar) ဈေးကြီးအပြင်ဘက်တွင်မူ ဒေသခံများက ပို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုကြသည်။

အီရန်နိုင်ငံသားများတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိကြောင်း မိမိအမည်ကို ဆာဂါ (Sagher) ဟုသာ မိတ်ဆက်ပေးသည့် အမျိုးသမီးငယ်တစ်ဦးက CNN ကို ပြောပြသည် – “ လမ်းမပေါ် ထွက်ပြီး သေနတ်နဲ့ အပစ်ခံမလား၊ ဒါမှမဟုတ် အိမ်မှာနေပြီး ငတ်ပြတ်ပြီး သေမလား ဆိုတာပဲ။”

“ ထရမ့်က ကျွန်မတို့ကို ကတိအချို့ ပေးခဲ့တယ်” ဟု ဇန်နဝါရီလအစောပိုင်းက အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများကို ထောက်ခံပေးမည်ဟု အမေရိကန်သမ္မတ တင်ခဲ့သည့် ပို့စ်များကို ရည်ညွှန်း၍ သူမက ဆိုသည်။ “ လူငယ်တွေ အားလုံးဟာ သူ့ရဲ့စကားကို ယုံကြည်အားကိုးပြီး လမ်းမပေါ် ထွက်ခဲ့ကြတာ” ဟု သူမက ဆက်ပြောသည်။

ဈေးသို့ ပစ္စည်းဝယ်ရန် လာရောက်သည့် ဆိုင်ရှင် ဟာဒစ် (Hadis) ကမူ ဇန်နဝါရီလ၏ အကြမ်းဖက် နှိမ်နင်းမှုများပြီးနောက် အစိုးရအနေဖြင့် မည်သို့ပင် လုပ်ဆောင်စေကာမူ လူထု၏ ယုံကြည်မှုကို ပြန်လည် မတည်ဆောက်နိုင်တော့ကြောင်း ဆိုသည်။ CNN အနေဖြင့် သူမ၏ လုံခြုံရေးအတွက် အမည်ရင်းကို မဖော်ပြဘဲ ပထမအမည်ကိုသာ အသုံးပြု ထားသည်။

“ လူတွေကြားမှာ မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်တွေ ရှိနေတယ်” ဟု သူမက ဆိုသည်။ “ ကျွန်မတို့ ဒီလို အခြေအနေမျိုးကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးပြီ။ အခုကတော့ အရာအားလုံးရဲ့ အဆုံးသတ် ဖြစ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”

ဆိုးရွားလှသော စီးပွားရေး အခြေအနေနှင့် အဆမတန် မြင့်တက်နေသော ကုန်ဈေးနှုန်း များကြောင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများ၏ ဗဟိုချက်မှာ ဤ Grand Bazaar ဈေးကြီးပင် ဖြစ်သည်။

ဈေးသည်များသည် မကြာသေးမီကပင် လုပ်ငန်းသုံး ချက်လက်မှတ် (Cheque) များကို လက်ခံခြင်း ရပ်ဆိုင်းလိုက်ပြီး၊ နိုင်ငံရေး တင်းမာမှုများကြောင့် အီရန်ငွေကြေးသည် ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုးများ ရုတ်တရက် ပြောင်းလဲနေကြောင်း ဟာဒစ်က ဆိုသည်။

ကုန်ဈေးနှုန်းများမှာ ယခင်နေ့ကထက် ၂၀-၃၀ ရာခိုင်နှုန်းခန့် မြင့်တက်နေသဖြင့် သူမ၏ အလှဆင်ပစ္စည်းဆိုင်အတွက် မည်သည့်အရာမျှ မဝယ်နိုင်ခဲ့ကြောင်း သူမက ပြောပြသည်။

“ ဒေါ်လာနဲ့ ရွှေဈေးတွေက နေ့တိုင်းတက်နေပြီး ကုန်ဈေးနှုန်းကတော့ အရူးအမူး ကြီးနေတာပါပဲ” ဟု တီဟီရန် ဒေသခံ ဆာဂါက ဆိုသည်။ “ ပစ္စည်းတစ်ခုရဲ့ ဈေးနှုန်းဟာ ဒီနေ့မှာ တိုမန် တစ်သိန်း ($၀.၇၇) ရှိပေမဲ့၊ မနက်ဖြန်မှာ နှစ်သိန်း ဖြစ်သွားနိုင်ပါတယ်” ဟု သူမက ရှင်းပြသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တီဟီရန်မြို့ရှိ Behesht-e Zahra သုသာန်သို့ အီရန်နိုင်ငံသားများ လာရောက်ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ – Joseph Ataman/CNN)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တီဟီရန်မြို့ရှိ Behesht-e Zahra သုသာန်တွင် တွေ့ရသည့် လေးထောင့်စပ်စပ် ဂူကျောက်ပြားများ။ (ဓာတ်ပုံ – Claudia Otto/CNN)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က Behesht-e Zahra သုသာန်ရှိ ဂူများအပေါ်တွင် ပန်းများနှင့် ပွင့်ဖတ်များ ခင်းကျင်းထားစဉ်။ (ဓာတ်ပုံ – Joseph Ataman/CNN)

နောက်ဆုံး ဆန္ဒပြပွဲများ စတင်ခဲ့ရာ တီဟီရန် Grand Bazaar ရှိ ဈေးဝယ်သူများနှင့် ဈေးသည်များမှာ နိုင်ငံတစ်ဝှမ်းရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခက်အခဲ ဖြစ်နေကြသည်။ (ဓာတ်ပုံ – Joseph Ataman/CNN)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 13 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း