နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။

ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့် ပတ်သက်၍ ယခုနှစ်အစတွင် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။ သို့သော် ဇန်နဝါရီလအစောပိုင်းတွင် မော်စကို၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်သူ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ထရမ့်အစိုးရက ရဲတင်းသော ကွန်မန်ဒိုစီးနင်းမှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ရုရှား၏ ဂုဏ်သိက္ခာကို ရိုက်ခတ်စေခဲ့သည်။

ပင်လယ်ကွေ့ဒေသတွင် စစ်ပွဲသစ် စတင်ဖြစ်ပွားချိန်၌ ပူတင်သည် အရှုံးသမား ဖြစ်တော့ မည့်ပုံ ပေါ်ခဲ့သည်။ အမေရိကန်-အစ္စရေးတို့၏ ထိပ်သီးခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ရုရှား၏ ရေရှည်မိတ်ဖက် အီရန်အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပြီး အီရန်စစ်ဘက် ပစ်မှတ်များစွာ ပျက်စီးခဲ့သည်။ ပြီးခဲ့သည့်နှစ်က မော်စကိုနှင့် အီရန်တို့ လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်သည်လည်း စက္ကူစုတ်တစ်ခုမျှသာ ဖြစ်သွားပုံရသည်။

ခါမေနီသည် ကရင်မလင်၏ ပြုတ်ကျသွားသော မိတ်ဆွေများထဲတွင် နောက်ဆုံးတစ်ဦး ဖြစ်ကြောင်း သတိပြုသင့်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအစောပိုင်း (မာဒူရို မပြုတ်ကျမီ တစ်နှစ်အလိုခန့်) ကလည်း ရုရှား၏ ကာလရှည် လက်သပ်မွေးထားသည့် ဆီးရီးယား အာဏာရှင် ဘာရှာအယ်လ်အာဆတ်၏ အစိုးရအဖွဲ့ ပြိုလဲပျက်စီးခဲ့ရသည်။

သို့သော်လည်း ပထဝီနိုင်ငံရေး အခင်းအကျင်းများကြားတွင် ပူတင်သည် သူ၏ အဓိက ရည်မှန်းချက်ဖြစ်သော “လွတ်လပ်သော ယူကရိန်းနိုင်ငံကို ဖြိုခွဲရေး” ကိုသာ အာရုံစိုက် နေပုံရသည်။

တနင်္လာနေ့တွင် ကရင်မလင်ခေါင်းဆောင်သည် ထရမ့်နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး၊ ၎င်းသည် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှု ဖြစ်သည်။ ရုရှားသမ္မတ၏ လက်ထောက် ယူရီ ယူရှာကော့ဗ်၏ ပြောကြားချက်အရ တစ်နာရီကြာ စကားပြော ဆိုမှုအတွင်း အဓိက အကြောင်းအရာဖြစ်သော အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲ အကြောင်းကို “အနှစ်သာရရှိရှိ” ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အရေးကြီးသည်မှာ အဆိုပါ ပြောဆိုမှုအတွင်း ပူတင်၏ ကိုယ်ပိုင်ပစ်မှတ် (ယူကရိန်း) အကြောင်းလည်း ပါဝင်ခဲ့သည်။ အမေရိကန်သမ္မတ ထရမ့်အနေဖြင့် “ယူကရိန်းပဋိပက္ခကို အပစ်အခတ်ရပ်စဲရေးနှင့်အတူ အမြန်ဆုံး အဆုံးသတ်စေပြီး ရေရှည်တည်ငြိမ်သော ပြေလည်မှုရရှိရန် စိတ်ဝင်စားကြောင်း ထပ်လောင်းပြောကြားခဲ့သည်” ဟု ယူရှာကော့ဗ်က ဆိုသည်။

သို့သော် ထရမ့်ဘက်က ပြောဆိုချက်မှာမူ အနည်းငယ် ကွဲပြားသည်။ ၎င်းဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်၍ ထရမ့်က “ကရင်မလင်ခေါင်းဆောင်ဟာ အရှေ့အလယ်ပိုင်းကိစ္စမှာ ကူညီပေး ချင်နေပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ ‘ခင်ဗျားအနေနဲ့ ယူကရိန်း-ရုရှား စစ်ပွဲကို အဆုံးသတ်ပေးခြင်းအားဖြင့် ပိုပြီး အထောက်အကူပြုနိုင်ပါတယ်’ လို့ ပြောခဲ့တယ်” ဟု ဆိုသည်။

တရားဝင်အားဖြင့် ရုရှားသည် အမေရိကန်-အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကို ရှုတ်ချ ထားသည်။ ပူတင်သည် အီရန်ခေါင်းဆောင်ဟောင်းအား “လုပ်ကြံသတ်ဖြတ်မှု” ခံရခြင်း အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သော်လည်း ထရမ့်ကို တိုက်ရိုက် ဝေဖန်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်ကို လေ့လာသူအချို့က သတိပြုမိကြသည်။

“နောက်ဆုံးမှာတော့ ပူတင်ရဲ့ ဘယ်လို အဆိုပြုချက်မျိုးမဆို အနှစ်သာရက သိပ်အရေး မကြီးပါဘူး” ဟု Eurasia ဆိုင်ရာ ညွှန်ကြားရေးမှူး Hanna Notte က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ကမ်းလှမ်းခြင်း အားဖြင့် ပူတင်ဟာ သူလိုချင်တဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ထရမ့်ကို မြှောက်ပင့်ပေးဖို့နဲ့ ထရမ့်ရဲ့ အနားမှာ ရှိနေဖို့ကို ရရှိသွားပါတယ်၊ ဒါဟာ ယူကရိန်းကိစ္စမှာ ရုရှားရဲ့ ရည်မှန်းချက်တွေ အတွက် အရေးကြီးပါတယ်” ဟု ဆိုသည်။

ကမ္ဘာ့စွမ်းအင် အကျပ်အတည်းက ပူတင်ကို အထောက်အကူပြုနေခြင်း

ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့သွားမှုနှင့်အတူ ကမ္ဘာ့စွမ်းအင် အကျပ်အတည်း ဖြစ်ပေါ် လာခြင်းသည် ရုရှား၏ စီးပွားရေးကံကြမ္မာကို ပြောင်းလဲပေးလိုက်ပုံရသည်။

တနင်္လာနေ့တွင် ရေနံဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လာပြီး၊ ရေလမ်းကြောင်း အနှောင့်အယှက်များ ဆက်ရှိနေပါက မတ်လကုန်တွင် ၁၅၀ ဒေါ်လာအထိ ရောက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ဒါဟာ ရေနံအဓိက တင်ပို့သူဖြစ်တဲ့ ရုရှားအတွက် သတင်းကောင်း ဖြစ်သည်။ ထို့အပြင် ထရမ့်အစိုးရသည် ရုရှား၏ အရေးပါသော ဝယ်ယူသူဖြစ်သည့် အိန္ဒိယအပေါ် ဖိအားပေးမှုကို ယာယီဖြေလျှော့ပေးခဲ့ပြီး၊ ပင်လယ်ပြင်တွင် ပိတ်မိနေသည့် ရုရှားရေနံများကို ဝယ်ယူနိုင်ရန် ရက် ၃၀ သက်တမ်းရှိ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က အမေရိကန် ဘဏ္ဍာရေးဌာနသည် မော်စကို၏ စစ်လက်နက်များအတွက် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန် ရုရှားရေနံကုမ္ပဏီကြီးများကို ပိတ်ဆို့ခဲ့ပြီး၊ အိန္ဒိယ ကိုလည်း အခွန်တိုးမြှင့်ကာ ဖိအားပေးခဲ့ဖူးသည်။

ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက် အခြေအနေကို သုံးသပ်သည့် တနင်္လာနေ့ အစည်းအဝေးတွင် ပူတင်သည် အားတက်သရော ရှိနေပုံရသည်။

“လက်ရှိအခြေအနေမှာ စွမ်းအင်ဝယ်ယူသူတွေကြား ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါတယ်၊ တည်ငြိမ်ပြီး ခန့်မှန်းလို့ရတဲ့ ရေနံနဲ့ ဓာတ်ငွေ့ရရှိဖို့ ကြိုးပမ်းနေကြပါတယ်” ဟု ပူတင်က ဆိုသည်။ “ဒီနေရာမှာ ကျွန်တော် သတိပေးချင်တာက ရုရှားစွမ်းအင်ကုမ္ပဏီတွေဟာ တည်ငြိမ်မှုရှိတယ်ဆိုတာ လူတိုင်း သိထားပြီးသားပါ” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

မကြာသေးမီလများအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဘတ်ဂျက်လိုငွေပြမှုများကြောင့် ရုရှား၏ စစ်ရေးအသုံးစရိတ်အပေါ် သံသယများ ရှိခဲ့သော်လည်း၊ ယခု ရေနံနှင့် ဓာတ်ငွေ့မှ ရရှိမည့် ဝင်ငွေအသစ်များသည် ရုရှားစီးပွားရေးအတွက် အားဆေးတစ်ခွက် ဖြစ်လာနိုင် ပါသည်။

ထို့အပြင် ရုရှားသည် အီရန်စစ်ပွဲတွင် အခြားသော ပထဝီနိုင်ငံရေး အသာစီးရမှုများလည်း ရှိနေနိုင်ပါသည်။ ရုရှားသည် ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်၏ အနေအထားနှင့် လှုပ်ရှားမှုများကို အီရန်ထံ ထောက်လှမ်းရေးသတင်းများ ပေးပို့နေသည်ဟု အမေရိကန် ထောက်လှမ်းရေး သတင်းရင်းမြစ်များက ဆိုကြသည်။ ပူတင်သည် အရှေ့အလယ်ပိုင်းရှိ ဘာရိန်း၊ ယူအေအီး၊ ကာတာ နှင့် ဆော်ဒီအာရေဗျ ခေါင်းဆောင်များနှင့်လည်း ကာလရှည် ပုဂ္ဂိုလ်ရေး ဆက်ဆံရေး ရှိထားသူ ဖြစ်သည်။

ယူကရိန်းကလည်း အီရန်၏ ပစ်မှတ်များထံ ဆက်သွယ်ခြင်း

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည်လည်း ဒေသတွင်း၌ အခန်းကဏ္ဍတစ်ခု ရရှိရန် ကြိုးပမ်းနေသည်။ ယူကရိန်းသည် ပင်လယ်ကွေ့ဒေသကို တိုက်ခိုက်နေသည့် အီရန်လုပ် Shahed ဒရုန်းများကို မည်သို့ ကာကွယ်ရမည်ဆိုသည့် အတွေ့အကြုံများကို မျှဝေပေးရန် ကမ်းလှမ်းထားသည်။

သို့သော် ထိုအကူအညီသည် ဝါရှင်တန်၏ စိတ်ကျေနပ်မှုကို ရရှိနိုင်မည်လားဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။ ထရမ့်သည် ရုရှားက အီရန်ကို သတင်းပေးနေသည်ဆိုသည့် အချက်ကို သိပ်ပြီး ဂရုမစိုက်ပုံရသည်။ ကမ္ဘာ့အာရုံစိုက်မှုက အရှေ့အလယ်ပိုင်းသို့ ရောက်နေချိန်တွင် ပူတင်သည် ယူကရိန်းစစ်ပွဲကို လူမသိသူမသိ ဆက်လက် ဆင်နွှဲနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်များအတွင်း ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်များသည် ယူကရိန်းမြို့များကို တိုက်ခိုက်ခဲ့သော်လည်း သတင်းကြီးကြီးမားမား ဖြစ်မလာခဲ့ပေ။

လန်ဒန်ရှိ King’s College မှ ရုရှားနိုင်ငံရေးဆိုင်ရာ ပါမောက္ခ ဆမ် ဂရင်းနီး(Sam Greene) က X လူမှုကွန်ရက်တွင် တင်ခဲ့သည့် သုံးသပ်ချက်တစ်ခု၌ ပူတင်၏ ရေရှည်ဗျူဟာသည် ထရမ့်နှင့် ဆက်ဆံရေးအပေါ်တွင်သာ ဆက်လက် အာရုံစိုက်နေဆဲဖြစ်ကြောင်း အကြံပြု တင်ပြခဲ့သည်။

“ပထမအချက်အနေနဲ့ အာဆတ် (Assad)၊ မာဒူရို (Maduro) ဒါမှမဟုတ် ခါမေနီ (Khamenei) စတဲ့ မဟာမိတ်တွေ ပြုတ်ကျသွားတာကြောင့် ပူတင်ဟာ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်ဆိုတဲ့ အယူအဆဟာ အနောက်တိုင်း သုတေသီတွေရဲ့ ခေါင်းထဲမှာပဲ ရှိနေတာပါ၊ လက်တွေ့မှာ ဒါကို သက်သေပြနိုင်တဲ့ အထောက်အထား မရှိပါဘူး” ဟု Greene က ရေးသားခဲ့သည်။

“ဒါတွေကြောင့် ပူတင်က ဂရုစိုက်နေတယ်ဆိုတာမျိုး၊ ဒါမှမဟုတ် သူ့ရဲ့ ပြည်တွင်းအာဏာနဲ့ ပြည်ပတရားဝင်မှုအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့ သက်သေလည်း လုံးဝမရှိပါဘူး။”

အီရန်အဓိကခေါင်းဆောင်ကြီး သေဆုံးမှုအပေါ် ပူတင်က မည်သို့ပင် ခံစားရစေကာမူ Greene က ဆက်လက်၍ “သူဟာ ထရမ့်နဲ့ ရှိတဲ့ ဆက်ဆံရေးကိုတော့ အထိခိုက်ခံမှာ မဟုတ်ပါဘူး။ အကြောင်းရင်းတစ်ခုကတော့ ဒါဟာ ခါမေနီကို ပြန်လည်အသက်ရှင်လာအောင် လုပ်နိုင်မှာ မဟုတ်လို့ပါပဲ။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ အချက်ကတော့ ထရမ့်ဟာ ပူတင်ရဲ့ ဥရောပအပေါ် အကြီးမားဆုံး သြဇာလွှမ်းမိုးမှုရဖို့ ရင်းမြစ်ပါပဲ။ သူကတော့ အဓိကပစ်မှတ် ကိုပဲ မျက်ခြေမပြတ် ကြည့်နေမှာပါ” ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းသည် ပူတင်အတွက် ယူကရိန်းစစ်ပွဲကို ဆက်လက်ဆင်နွှဲရန် အကျိုးအမြတ်အသစ်များကို သယ်ဆောင်လာပေး နေသကဲ့သို့ ဖြစ်နေပါတော့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မတ်လ ၉ ရက် တနင်္လာနေ့က မော်စကိုမြို့တွင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက် အခြေအနေနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ်။ (ဓာတ်ပုံ – Gavriil Grigorov/AFP/Getty Images)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့က ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီရှိ Trump National Doral ၌ ကျင်းပသော Republican Members Issues Conference တွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ – Mark Schiefelbein/AP)

ရုရှား၏ “အရိပ် ရေယာဉ်စု (Shadow fleet)” မှ Boracay ရေနံတင်သင်္ဘောကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က ပြင်သစ်ဆိပ်ကမ်း Saint-Nazaire ကမ်းလွန်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – Damien Meyer/AFP/Getty Images)

မတ်လ ၂ ရက်နေ့က ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့ရှိ တိုက်ခန်းတစ်ခုကို ရုရှားဒရုန်း တိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးသမားများ လုပ်ဆောင်နေစဉ်။ (ဓာတ်ပုံ – Pavlo Pakhomenko/NurPhoto/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက