BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်
Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
အခန်းတစ်ခန်းထဲတွင် ဗီယက်နမ်ဘဏ်တစ်ခု၏ ပုံစံတူကို အတိအကျ ပြုလုပ်ထားသည်။ နောက်အခန်းတစ်ခုထဲတွင်မူ သင်သည် သြစတြေးလျရဲစခန်းတစ်ခုအတွင်းသို့ ရောက်ရှိ နေမည်ဖြစ်သည်။ ထောင့်တစ်နေရာတွင်မူ တရုတ်ရဲအရာရှိတစ်ဦး၏ ရှပ်အင်္ကျီကို ချိတ်ဆွဲ ထားသည်။
နံရံများပေါ်တွင် စိတ်ဓာတ်မြှင့်တင်ရေး စာသားများကို ရေးဆွဲထားသည်။ ဆိုင်းဘုတ်တစ်ခု ပေါ်ရှိ တရုတ်စာလုံးများတွင် “ နေရာအနှံ့မှ ငွေများဝင်လာနေသည်” ဟု ဖတ်ရှုရသည်။ ကြမ်းပြင်တစ်ခုလုံးတွင်မူ စွန့်ပစ်ထားသော ဒေါ်လာတစ်ရာတန် အတုများ ပြန့်ကျဲနေသည်။
ဤနေရာသည် အိုစမက် (O Smach) ဟုခေါ်သော ကမ္ဘောဒီးယားနယ်စပ်မြို့လေးတွင် တည်ရှိသည့် ကြီးမားလှသော ကျားဖြန့် (scam) အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ လူပေါင်းထောင်ချီသည် ဤနေရာတွင် သူတို့၏ဘဝများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ပြင်းထန်သော စနစ်အောက်တွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းရှိ အခြားလူပေါင်းထောင်ချီ၏ စုဆောင်းငွေများကို လိမ်လည်ခဲ့ကြသည်။
ဒီဇင်ဘာလအတွင်း နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သည့် ခေတ္တနယ်စပ်စစ်ပွဲအတွင်း Royal Hill ကို ထိုင်းလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကမ္ဘောဒီးယား ဒရုန်းများကို ထိုကာစီနိုမှ လွှတ်တင် နေခြင်းဖြစ်သည်ဟု ထိုင်းဘက်က ဆိုသည်။ အလုပ်သမားများမှာ ထွက်ပြေးသွားကြပြီး မစားရသေးသော ခေါက်ဆွဲပန်းကန်များ၊ တစ်ဝက်တစ်ပျက် သောက်လက်စ ကိုကာကိုလာ ဘူးများနှင့် နံစော်သော အနံ့အသက်များသာ ကျန်ရစ်ခဲ့သည်။
ယနေ့တွင်မူ Royal Hill ကို ထိုင်းစစ်သားများက သိမ်းပိုက်ထားပြီး လူသူကင်းမဲ့နေသည်။ ဗုံးကြဲမှုကြောင့် ပြတင်းပေါက်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး နံရံနှင့် အမိုးများမှာ လည်း အပေါက်ကြီးများ ဖြစ်နေကာ အရာအားလုံးမှာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။
ကမ္ဘောဒီးယားတွင် လိမ်လည်မှုလုပ်ငန်း (scam industry) မည်မျှကြီးမားလာသည်ကို ကမ္ဘာက သိစေလိုသောကြောင့် ထိုင်းစစ်တပ်က ကျွန်ုပ်တို့ကို ထိုနေရာသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ဤကပ်ဆိုးကြီးကို အမြစ်ပြတ်ချေမှုန်းရန် နိုင်ငံတကာအကူအညီ လိုအပ်သည်ဟု ၎င်းတို့က ဆိုသည်။ သို့သော် ၎င်းသည် ဒီဇင်ဘာလအတွင်း ကမ္ဘောဒီးယားပစ်မှတ်များကို ထိုင်းလေတပ်က တိုက်ခိုက်ခဲ့မှုအပေါ် နောက်ထပ် ဆင်ခြေပေးသည့် သဘောလည်း သက်ရောက်နေသည်။
ကမ္ဘောဒီးယားအစိုးရက ၎င်းတို့၏ နယ်မြေကို ထိုင်းက သိမ်းပိုက်ထားမှုအပေါ် ကန့်ကွက် ထားသော်လည်း ထိုင်းဘက်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တိုက်ပွဲများ ရပ်တန့်သွားချိန်တွင် ရှိနေသည့်နေရာ၌ပင် နှစ်ဖက်တပ်များ ဆက်ရှိနေရန် သဘောတူ ထားသည်ဟု ငြင်းချက်ထုတ်ထားသည်။
Royal Hill နှင့် ပတ်သက်၍ ထူးခြားချက်မှာ ၎င်း၏ အရွယ်အစားသာမက၊ ထိုင်းတို့ သိမ်းပိုက်လိုက်သည့် အချိန်အထိ ဤနေရာအကြောင်းကို ဘာမျှမသိရှိခဲ့ရခြင်းပင် ဖြစ်သည်။
လမ်းတစ်ဖက်ရှိ အိုစမက်ကာစီနို (O Smach Casino) အဆောက်အအုံမှာမူ နှိပ်စက် ညှဉ်းပန်းခံရမှုကြောင့် ထွက်ပြေးလာသော အလုပ်သမားများအကြောင်း သတင်းများတွင် ပါဝင်ဖူးသည်။
၎င်း၏ပိုင်ရှင် လီယုံဖတ် (Ly Yong Phat) သည် ကမ္ဘောဒီးယား၏ အကျော်ကြားဆုံး သူဌေးကြီးများထဲမှ တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဦးဆောင်သော အုပ်ချုပ်သူ ဟွန်မိသားစုနှင့် နီးကပ်သော ဆက်ဆံရေးရှိသူအဖြစ် လူသိများသည်။ လီယုံဖတ်သည် လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ အမေရိကန်နှင့် အခြားနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသူဖြစ်သည်။
သို့သော် Royal Hill ၏ ပိုင်ရှင် လင်းဟိန်း (Lim Heng) မှာမူ လူသိပ်မသိစေဘဲ နေထိုင်သူ ဖြစ်သည်။ သူသည် နိုင်ငံတကာ ပိတ်ဆို့မှုစာရင်းတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးသော်လည်း လီယုံဖတ်ကဲ့သို့ပင် ဟွန်ဆန်က ပေးအပ်သည့် ဂုဏ်သရေရှိ “ Neak Oknha” (ဥက္ကဋ္ဌ) ဘွဲ့ကို ရရှိထားသူဖြစ်သည်။ ထိုဘွဲ့အတွက် အနည်းဆုံး ဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းရန် လိုအပ်ပြီး ၎င်းသည် သူ့ကို လူအနည်းငယ်သာရှိသည့် ကမ္ဘောဒီးယား ထိပ်သီးလူတန်းစား၏ အစိတ် အပိုင်းတစ်ခု ဖြစ်စေခဲ့သည်။
သူနှင့်ပတ်သက်၍ ထူးခြားသည့် သိရှိရသော အချက်တစ်ခုမှာ ထိုင်းနိုင်ငံမြောက်ဘက် နယ်စပ်ရှိ သူ၏ အခြားကာစီနိုတစ်ခုနှင့် နီးကပ်စွာ တည်ရှိနေသော ခမာနီခေါင်းဆောင် ပိုပေါ့၏ မီးသင်္ဂြိုဟ်ရာနေရာသို့ သွားရောက် ဂါရဝပြုလေ့ရှိသည့် အလေ့အထပင် ဖြစ်သည်။
ကမ္ဘောဒီးယား သူဌေးကြီး အများစုမှာ ၁၉၉၁ ခုနှစ် ပြည်တွင်းစစ်အပြီး နှစ်များအတွင်း အုပ်ချုပ်သူ မိသားစုနှင့် နီးစပ်မှုမှတစ်ဆင့် မြေကွက်ကြီးများကို ရယူကာ ချမ်းသာလာကြ သူများ ဖြစ်သည်။
အစပိုင်းတွင် ၎င်းတို့သည် တရားမဝင် သစ်ခုတ်ခြင်းနှင့် စိုက်ခင်းများမှ ငွေရှာခဲ့ကြပြီး နောက်ပိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများကြောင့် ဖြစ်ပေါ်လာသည့် မြို့ပြအိမ်ခြံမြေ ဈေးကွက်အရှိန်အဟုန်မှ အကျိုးအမြတ် ရရှိခဲ့ကြသည်။
သို့သော် အိုစမက်ကဲ့သို့ နယ်စပ်ဒေသများတွင်မူ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့ရှိ လောင်းကစားပိတ်ပင်မှုများကို အခွင့်ကောင်းယူကာ ကာစီနိုလုပ်ငန်းများသည် အမြတ်အစွန်းအများဆုံး လုပ်ငန်းများ ဖြစ်လာခဲ့သည်။ ကမ္ဘောဒီးယားအစိုးရသည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း ကာစီနိုလိုင်စင်ပေါင်း ၂၀၀ ခန့် ထုတ်ပေးခဲ့သည်။
ဤအချက်က ကာစီနိုများမှတစ်ဆင့် အကျိုးအမြတ်များသော အွန်လိုင်းလောင်းကစား လုပ်ငန်းများကိုပါ လုပ်ကိုင်သည့် တရုတ်ရာဇဝတ်ဂိုဏ်းများကို ဆွဲဆောင်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ဟွန်ဆန်သည် အွန်လိုင်းလောင်းကစားကို ပိတ်ပင်ခဲ့သည်။ ထို့နောက် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့ရာ နယ်စပ်ဖြတ်ကျော် သွားလာမှုများ ရပ်တန့်သွားခဲ့သည်။
ထို့ကြောင့် ထိုဂိုဏ်းများသည် အွန်လိုင်းလိမ်လည်မှု (scam) ဘက်သို့ ပြောင်းလဲလုပ်ကိုင် ခဲ့ကြပြီး ဆွဲဆောင်မှုရှိသော လစာများဖြင့် ကမ္ဘာတစ်ဝှမ်းမှ လူငယ်အလုပ်သမားများကို မြှူဆွယ်ခဲ့ကြသည်။
အချို့မှာ လိမ်လည်မှု လုပ်ရမည်ကို သိကြသော်လည်း၊ အချို့မှာမူ စာရေးစာချီအလုပ် သို့မဟုတ် ကွန်ပျူတာပရိုဂရမ် ရေးဆွဲသည့်အလုပ် လုပ်ရမည်ဟု ယုံကြည်ခဲ့ကြသည်။ အဆောက်အအုံထဲသို့ ရောက်ရှိချိန်အထိ အခြေအနေများ မည်မျှ ပြင်းထန်မည်ကို သိရှိသူ နည်းပါးလှသည်။
Royal Hill တွင် အပျက်အစီးများကြားမှ တွေ့ရှိရသော တရုတ်ဘာသာဖြင့် ရေးသားထားသည့် စာရွက်စာတမ်းများတွင် သတ်မှတ်ချက်မပြည့်မီပါက ပေးမည့် ပြစ်ဒဏ်များကို အသေးစိတ် ဖော်ပြထားသည်။ နေ့တစ်နေ့၏ အဆုံးတွင် သားကောင်နှင့် အွန်လိုင်းဆက်ဆံရေး စတင်တည်ဆောက်နိုင်သည့် “ လမ်းစ” (lead) မရရှိပါက ကြိမ်ဒဏ် ငါးချက် ရိုက်ခံရမည်ဖြစ်သည်။
သုံးရက်ဆက်တိုက် လမ်းစမရရှိသော အလုပ်သမားသည် အနည်းဆုံး ကြိမ်ဒဏ် ၁၀ ချက် ရိုက်ခံရသည်။ လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောခြင်း သို့မဟုတ် သားကောင်များ၏ ယုံကြည်မှုရရှိရန် ဓာတ်ပုံကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မဝေမျှခြင်း တို့အတွက်လည်း အလားတူ ပြစ်ဒဏ်များ ပေးသည်။
“ အချို့လူတွေက လျှပ်စစ်နဲ့ အတို့ခံရတယ်။ အချို့ကတော့ အမှောင်ခန်းထဲ ထည့်ခံရတယ်။ သူတို့မှာ ‘The Black Room’ (အမှောင်ခန်း) ဆိုတာ ရှိတယ်၊ အဲဒီမှာ ကြောက်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်တယ်” ဟု သြဂုတ်လတွင် Royal Hill ၌ အလုပ်လုပ်ရန် စုဆောင်းခံခဲ့ရသည့် ယူဂန်ဒါလူငယ် ဝီလ်ဆင် (Wilson) က ပြောသည်။
မလေးရှားတွင် ဒစ်ဂျစ်တယ် မားကတ်တင်း အလုပ်လုပ်ရမည်ဟု ပြောဆိုခံခဲ့ရကြောင်း သူက ဆိုသည်။ ကျွန်ုပ်တို့သည် ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်တွင် ပရဟိတအဖွဲ့တစ်ခု၏ စောင့်ရှောက်မှု အောက်၌ ရှိနေပြီး ယူဂန်ဒါသို့ ပြန်ရန် ကြိုးစားနေသည့် သူ့ကို ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
တရုတ်အထက်လူကြီးများ ချပေးထားသော ဇာတ်ညွှန်းများအတိုင်း တစ်နေ့လျှင် ၁၅ နာရီ သို့မဟုတ် ၁၆ နာရီအထိ အလုပ်လုပ်ရပြီး ၎င်းတို့၏ အသံနှင့် ရုပ်သွင်ကို ပြောင်းလဲရန် AI (ဉာဏ်ရည်တု) ကို အသုံးပြုရကြောင်း သူက ဖော်ပြသည်။
“ ခင်ဗျားက အသက် ၃၇ နှစ်အရွယ်၊ ချမ်းသာပြီး ခင်ပွန်းလိုချင်နေတဲ့ အမျိုးသမီး တစ်ယောက် ရဲ့ ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ရတာ။ အမေရိကန်က အသက်ကြီးတဲ့ အမျိုးသားတွေ ကို သူတို့အပေါ် ချစ်မိသွားပြီလို့ ထင်အောင် ပြောရတယ်။ ဇာတ်ညွှန်းထဲမှာ သူတို့ကို စိတ်ပိုင်း ဆိုင်ရာ ပြိုလဲသွားအောင် လုပ်ရတဲ့ အပိုင်းပါတယ်။ ယုံကြည်မှု တည်ဆောက်ပြီးတာနဲ့ နောက်ပိုင်းမှာ ပစ္စည်းတွေ ဝယ်ခိုင်းဖို့ မြှူဆွယ်ရတာပါပဲ။”
ထိုင်းတို့ ဗုံးကြဲနေစဉ်အတွင်းမှာပင် ၎င်းတို့အား အလုပ်ဆက်လုပ်ရန် ဖိအားပေးခဲ့ကြောင်း သူက ဆိုသည်။ “ ဗုံးသံကြားတိုင်း—တစ်ခါတလေ အဆောက်အအုံပါ တုန်ခါသွားတယ်—ကျွန်တော်တို့ အပြင်ကို ပြေးထွက်ကြတယ်။ ကျွန်တော်တို့ ကြောက်ခဲ့ကြတယ်။ ဒါပေမဲ့ ခဏနေရင် ပြန်ဝင်ပြီး အလုပ်လုပ်ရပြန်တာပဲ။”
သားကောင်များ၏ ယုံကြည်မှုကို ရယူရန်နှင့် ရှေ့အလားအလာရှိသော “ ရင်းနှီးမြှုပ်နှံမှုများ” အကြောင်း ယုံကြည်စေရန် ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသည့် လိမ်လည်မှု ဇာတ်ညွှန်းများကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ ဝန်ထမ်းအားလုံး လိုက်နာရမည့် စည်းကမ်း ချက်များကိုလည်း ဖော်ပြထားသည်။ နောက်ကျခြင်းအတွက် ဒဏ်ငွေအမျိုးမျိုး ရှိသည်။
အလုပ်သမားများသည် အိမ်သာသွားရန် ခွင့်ပြုချက်တောင်းရပြီး၊ ထိုင်းတိုက်ခိုက်မှု မတိုင်မီ ရက်များအတွင်း အလုပ်သမားတစ်ဦးစီ၏ အိမ်သာသွားချိန်၊ အိမ်သာထဲတွင် မည်မျှကြာသည် အထိ မှတ်တမ်းတင်ထားသည့် “ Employee Outing Registration Form” (ဝန်ထမ်း အပြင်ထွက် မှတ်တမ်းပုံစံ) ကိုလည်း ကျွန်ုပ်တို့ တွေ့ရှိခဲ့ရသည်။
ထို့နောက် လိမ်လည်မှုများကို တွေ့ရသည်။ ဘရာဇီးလ်ရဲစခန်း အတု၏ ဘေးတွင် အသံလုံသော ဖော့များဖြင့် ကာရံထားသည့် အခန်းငယ်လေးများကို တန်းစီဆောက် ထားသည်။ စားပွဲများပေါ်တွင် ပေါ်တူဂီဘာသာဖြင့် ရေးသားထားသော လက်ရေးမှတ်စုများ ရှိနေပြီး ၎င်းမှာ သားကောင်များကို အောင်နိုင်စေရန် အသုံးပြုရမည့် အကြံပြုချက်များ ဖြစ်သည်။
လူတစ်ဦးကို ငွေခဝါချမှုဖြင့် စွဲချက်တင်ထားသည့် ဆောပေါ်လိုရဲစခန်းမှ ဆင့်ခေါ်စာ အတုတစ်ခုကိုလည်း တွေ့ရသည်။ ၎င်းမှာ များသောအားဖြင့် သားကောင်များကို ထိတ်လန့် စေပြီး ငွေလွှဲခိုင်းရန် သို့မဟုတ် ဘဏ်အကောင့် အချက်အလက်များ တောင်းယူရန် အသုံးပြု ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် ကမ္ဘောဒီးယားအစိုးရသည် ကျားဖြန့်လုပ်ငန်းနှင့် ၎င်းနှင့် ဆက်နွှယ်နေသော ရာဇဝတ်မှုများအပေါ် တိုးပွားလာသည့် နိုင်ငံတကာ စိုးရိမ်မှုများကို လျစ်လျူရှုခဲ့သည်။
၂၀၂၅ ခုနှစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ကမ္ဘောဒီးယားအစိုးရသည် လိမ်လည်မှုများကို ပပျောက်စေရန် သိသာထင်ရှားသော ကြိုးပမ်းမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ပြီး ကျားဖြန့် အဆောက်အအုံ ပိုင်ရှင်တစ်ဦးကိုမျှ ဖမ်းဆီးခြင်း သို့မဟုတ် အရေးယူခြင်း မရှိခဲ့ကြောင်း စွပ်စွဲထားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် လိမ်လည်မှုများနှင့် အဓမ္မခိုင်းစေမှုများတွင် ပါဝင်ပတ်သက် မှုကြောင့် လီယုံဖတ်ကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့စဉ်က အုပ်ချုပ်သူ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က ၎င်းသည် ကမ္ဘောဒီးယား၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုကာ ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။
သို့သော် ယခုနှစ်တွင်မူ အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများ၏ ဖိအားပေးမှုကြောင့် အစိုးရသည် ရုတ်တရက် လမ်းကြောင်း ပြောင်းလဲခဲ့သည်။
ရဲတပ်ဖွဲ့များသည် ကျားဖြန့် အဆောက်အအုံဟု သံသယရှိသော နေရာပေါင်း ဒါဇင်ချီကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ကြီးချုပ် ဟွန်မာနက်က ဤလုပ်ငန်းသည် ကမ္ဘောဒီးယား၏ စီးပွားရေးနှင့် ဂုဏ်သိက္ခာကို ဖျက်ဆီးနေသဖြင့် ဧပြီလကုန်တွင် လုံးဝပိတ်ပစ်မည်ဟု ကြေညာခဲ့သည်။
အထူးခြားဆုံး လုပ်ဆောင်ချက်မှာ ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့် ဗြိတိန်တို့၏ ပိတ်ဆို့မှုကို ခံထားရသည့် တရုတ်စီးပွားရေးသမား ချန်ကျိ (Chen Zhi) ကို ယခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးပြီး တရုတ်သို့ လွှဲပြောင်းပေးလိုက်ခြင်းပင် ဖြစ်သည်။
ချန်ကျိသည် ကမ္ဘောဒီးယား နိုင်ငံသားဖြစ်ခွင့်ကို ဝယ်ယူခဲ့ပြီး ဟွန်ဆန်၏ ကိုယ်ရေးကိုယ်တာ အကြံပေးအဖြစ် နိုင်ငံအတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။ သူ၏ Prince Group သည် အမျိုးသားဘဏ်တစ်ခု၊ လေကြောင်းလိုင်းတစ်ခုနှင့် ကြီးမားသော အိမ်ခြံမြေလုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။
နှစ်ပေါင်းများစွာ သူသည် မည်သူမျှ မထိရဲသောသူအဖြစ် ရှိနေခဲ့သည်။ သို့သော် ဖမ်းဆီး
ခံရပြီးနောက်တွင်မူ ခေါင်းစွပ်စွပ်လျက် လက်ထိပ်ခတ်ခံထားရသည့် သူ့ကို တရုတ်သို့ ခေါ်ဆောင်သွားမည့် လေယာဉ်ပေါ်မှ ဆွဲချသွားသည့် ဗီဒီယို ထွက်ပေါ်လာခဲ့သည်။ သူသည် ယခုအခါ နယ်စပ်ဖြတ်ကျော် လောင်းကစားနှင့် လိမ်လည်မှုဂိုဏ်းကို လုပ်ကိုင်မှုဖြင့် တရုတ်တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
သူ၏ ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှုသည် ကမ္ဘောဒီးယား၏ ဂုဏ်သိက္ခာကို ကယ်တင်ရန်အတွက် ကျားဖြန့်လောကရှိ ထင်ရှားသော ပုဂ္ဂိုလ်များကို စတေးကောင်း စတေးနိုင်သည်ဟူသော အချက်ကို ပြသနေသည်။
၎င်းနောက်တွင် အာဏာပိုင်များသည် လိမ်လည်မှုလုပ်ငန်းများမှ ရရှိသော အမြတ်အစွန်း များကို ငွေခဝါချပေးသည်ဟု စွပ်စွဲခံထားရသည့် Huione Pay ၏ ဥက္ကဋ္ဌ လီရှုံ (Li Xiong) ကိုလည်း တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်။
ယခုအခါ ကျားဖြန့် အဆောက်အအုံ အများအပြားမှာ အိုးမဲကင်းမဲ့နေသည်။ နိုင်ငံခြားသား အလုပ်သမား ၁၀,၀၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဝီလ်ဆင်ကဲ့သို့သော အခြားသူများမှာမူ အိမ်ပြန်ရန် နည်းလမ်း ရှာဖွေနေဆဲဖြစ်သည်။ သို့သော် ဤအရာသည် ကမ္ဘောဒီးယားရှိ လိမ်လည်မှုများ၏ အဆုံးသတ်ဖြစ်သည်ဟူသော အစိုးရ၏ ပြောဆိုချက်အပေါ် သံသယဖြစ်စရာ အကြောင်းအရင်းများစွာ ရှိနေသည်။
ကျားဖြန့် အဆောက်အအုံများကို ဝင်ရောက်စီးနင်းခြင်းမှာ “ ကြွက်ရိုက်တမ်း ကစားခြင်း” (whack-a-mole) နှင့် တူသည်ဟု ဖော်ပြကြသည်။ အလုပ်သမားများကို လူမသိသူမသိသော အဆောက်အအုံသစ်များသို့ ပြောင်းရွှေ့ရန်မှာ လွယ်ကူလှပြီး၊ လူပေါင်းထောင်ချီမှာလည်း ကမ္ဘောဒီးယားတွင် ဆက်နေရန် ဆုံးဖြတ်ထားကြသည်ဟု ယူဆရသည်။
ထို့ပြင် ချန်ကျိ(Chen Zhi)မှအပ၊ သူတို့၏ ကာစီနိုနောက်ကွယ်တွင် ကျားဖြန့် အဆောက်အအုံများကို လက်ခံထားသည်ဟု စွပ်စွဲခံထားရသော သူဌေးကြီးများကိုမူ အရေးယူခြင်းမရှိသေးပေ။ လီယုံဖတ်(Ly Yong Phat) ၊ ထရိုင်ဖျက် (Try Pheap) နှင့် ကုတ်အန်း (Kok An) တို့သည် နိုင်ငံတကာတွင် ပိတ်ဆို့အရေးယူခံထားရသော်လည်း ကမ္ဘောဒီးယားတွင် သက်တောင့်သက်သာ နေထိုင်လျက်ရှိပြီး ချမ်းသာကြွယ်ဝသော သြဇာရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သရော်စရာကောင်းသည်မှာ လွှတ်တော်အမတ်များဖြစ်ကြသည့် လီယုံဖတ်နှင့် ကုတ်အန်း တို့သည် လိမ်လည်မှုတွင် ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဟု အစိုးရကဆိုသော ဥပဒေအသစ်ကို မဲခွဲဆုံးဖြတ်ရာတွင် ပါဝင်ခဲ့ကြခြင်းပင် ဖြစ်သည်။
Royal Hill ကို တည်ဆောက်ခဲ့သူ သူဌေးကြီး လင်းဟိန်း(Lim Heng )၏ အမည်မှာမူ ထိုင်းစစ်တပ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး သူ၏ ကာစီနိုကို သိမ်းပိုက်လိုက်ချိန်အထိ ကျားဖြန့်လုပ်ငန်း ဆိုင်ရာ စုံစမ်းစစ်ဆေးမှု သတင်းများတွင် တစ်ခါမျှ ပါဝင်လာခဲ့ခြင်း မရှိခဲ့ပေ။

Lulu Luo/BBC Royal Hill ကာစီနိုရှိ အခန်းများစွာထဲမှ တစ်ခုတွင် တွေ့ရသည့် ဗီယက်နမ်ရဲဦးထုပ်များ (ပုံ)

Lulu Luo/BBC အိုစမက်ရှိ ကျားဖြန့် အဆောက်အအုံများ၏ မြင်ကွင်း

Jonathan Head/ BBC Royal Hill သည် ဒီဇင်ဘာလအတွင်း ထိုင်းစစ်တပ်၏ ပြင်းထန်သော ဗုံးကြဲမှုကို ခံခဲ့ရသည်

Lulu Luo/BBC Royal Hill ရှိ “ ဝန်ထမ်း အပြင်ထွက်မှတ်တမ်းပုံစံ”

Jonathan Head/BBC လိမ်လည်သူများက သားကောင်များကို ဖုန်းခေါ်ဆိုသည့် အခန်းငယ်လေးများ

Prince Holding Group ချန်ကျိကို ဇန်နဝါရီလတွင် ဖမ်းဆီးပြီး တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်(ပုံ)







