၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက်
CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။
CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ တိုက်ခိုက်ခြင်း အဖြစ် ရှုမြင်ကြသဖြင့် စစ်ပွဲအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပိုမိုနက်ရှိုင်းလာကြောင်း တွေ့ရှိရသည်။
စစ်တမ်းအသစ်တွင် အမေရိကန်က အီရန်အပေါ် စစ်ရေးအရအရေးယူဆောင်ရွက်မှုကို ၆၀ ရာခိုင်နှုန်းက သဘောမတူကြဘဲ၊ ၎င်းမှာ မတ်လအစောပိုင်းက ထိုသို့ယူဆသူ ၅၆ ရာခိုင်နှုန်း ထက် မြင့်တက်လာခြင်းဖြစ်သည်။ ထို့အပြင် ထရန့်အစိုးရအဖွဲ့သည် အဆိုပါပဋိပက္ခတွင် အမေရိကန်၏ ရည်မှန်းချက်များကို ရှင်းလင်းစွာ ရှင်းပြထားခြင်းမရှိကြောင်း ပြောဆိုသူ ဦးရေမှာလည်း တိုးပွားလာနေသည် (မတ်လအစောပိုင်းက ၆၂ ရာခိုင်နှုန်းရှိရာမှ ယခု ၆၈ ရာခိုင်နှုန်း ဖြစ်လာသည်)။ ၁၀ ဦးလျှင် ၆ ဦးနီးပါး (၅၇ ရာခိုင်နှုန်း) ကလည်း အဆိုပါစစ်ပွဲသည် အမေရိကန်အတွက် အခြေအနေဆိုးရွားစေသည်ဟု ဆိုကြပြီး၊ အခြေအနေကောင်းမွန်သည် ဟု ပြောဆိုသူမှာ ၄၃ ရာခိုင်နှုန်းသာ ရှိသည်။
ခြုံငုံပြောရလျှင် ၆၆ ရာခိုင်နှုန်းက ဤစစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” (war of choice) ဟု ဖော်ပြကြပြီး ၃၄ ရာခိုင်နှုန်းကသာ “ လိုအပ်ချက်အရတိုက်ခိုက်သောစစ်ပွဲ” (war of necessity) ဟု ဆိုကြသည်။ ဒီမိုကရက်တစ်များ (၉၂ ရာခိုင်နှုန်း) နှင့် တစ်သီးပုဂ္ဂလများ (၇၃ ရာခိုင်နှုန်း) က ၎င်းကို ရွေးချယ်မှုအရတိုက်ခိုက်သော ပဋိပက္ခအဖြစ် အကျယ်တဝင့် ရှုမြင်ကြ သော်လည်း၊ ရီပတ်ဘလစ်ကန်အများစု (၆၇ ရာခိုင်နှုန်း) ကမူ လိုအပ်ချက်အရ တိုက်ခိုက် သော စစ်ပွဲအဖြစ် မြင်ကြပြီး ၎င်းတို့ထဲမှ သိသာထင်ရှားသော လူနည်းစု (၃၃ ရာခိုင်နှုန်း) ကသာ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲဟု ဆိုကြသည်။
အမေရိကန်နိုင်ငံသားများသည် “ ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ရန်” အရေးကြီးသည် ဟူသော အချက်အပေါ်တွင်မူ တစ်ခဲနက် သဘောတူညီကြသည်။ ၉၂ ရာခိုင်နှုန်းက ထိုသို့ ခံစားရပြီး၊ ၈၀ ရာခိုင်နှုန်းက “ အီရန်ပြည်သူများ ဘေးကင်းလုံခြုံပြီး လွတ်လပ်စေရန် သေချာစေရေး” ကို အရေးကြီးသည်ဟု ယူဆကြသည်။ ထို့ပြင် ၇၃ ရာခိုင်နှုန်းက “ အီရန်၏ နျူကလီးယားအစီအစဉ်များကို အပြီးတိုင်ရပ်တန့်ရန်” နှင့် ၆၈ ရာခိုင်နှုန်းက “ အခြား နိုင်ငံများကို အီရန်က ခြိမ်းခြောက်နေခြင်းအား တားဆီးရန်” အရေးကြီးသည်ဟု မြင်ကြသည်။
သို့သော်လည်း အများပြည်သူအကြား သဘောထားကွဲလွဲနေသည့် အချက်များမှာ “ အီရန်ခေါင်းဆောင်များကို အမေရိကန်လိုလားသူများဖြင့် အစားထိုးပြောင်းလဲရန်” အရေးကြီး သလားဟူသော အချက် (၄၉ ရာခိုင်နှုန်းက အရေးကြီးသည်ဟုဆိုကာ ၅၁ ရာခိုင်နှုန်းက အရေးမကြီးဟုဆိုသည်) နှင့် လက်ရှိအီရန်ခေါင်းဆောင်မှုနှင့် အစိုးရအဖွဲ့ အာဏာရှိနေဆဲဖြစ်သော်လည်း ပဋိပက္ခကို အဆုံးသတ်ရန် လက်ခံနိုင်သလားဟူသော အချက် (၄၇ ရာခိုင်နှုန်းက လက်ခံနိုင်သည်ဟုဆိုကာ ၅၃ ရာခိုင်နှုန်းက လက်မခံနိုင်ဟုဆိုသည်) တို့ ဖြစ်ကြသည်။
ဤ CBS News/YouGov စစ်တမ်းကို မတ်လ ၁၇ ရက်မှ ၂၀ ရက်အတွင်း တစ်နိုင်ငံလုံးရှိ လူကြီး ၃,၃၃၅ ဦးကို ကျပန်းရွေးချယ်၍ အွန်လိုင်းမှတစ်ဆင့် ကောက်ယူခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း နမူနာအရေအတွက်အတွက် ရလဒ်များမှာ အပေါင်း သို့မဟုတ် အနှုတ် ၂.၁% ရာခိုင်နှုန်းခန့် အမှားအယွင်းရှိနိုင်ခြေ (margin of error) ရှိသည်။









