ရန်ကုန်မြို့ရှိ တံတားတစ်ခုပေါ်တွင် ဒီကနေ့ မေလ (၂၃) ရက်နေ့ မနက်ပိုင်းက တော်လှန်လူငယ်များက စစ်ကောင်စီနှင့် ပူးပေါင်းနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း စာတန်းချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တော်လှန်လူငယ်များက တရုတ်အစိုးအနေနဲ့ မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ “ China, Respect Myanmar People’s Voice!!! Stop Supporting Fascist Criminals” စာတန်းပါ ဘန်နာကို ချိတ်ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို လိုလားပြီး မြန်မာပြည်သူများရဲ့ ဆန္ဒအမှန်ကို လေးစားပါက NUG အစိုးရနဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးနေပါက လူသတ်အားပေး တရားခံအဖြစ် မြန်မာပြည်သူများရဲ့ ဘုံရန်သူ စာရင်းဝင်မည်ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံပိုင် စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံထားမှုများအတွက် အာမခံချက် လုံးဝမရနိုင်ကြောင်း တော်လှန်ရေး အင်အားစုများက တရုတ်အစိုးရထံ သတင်းစကားပြောကြားကြောင်း ဖော်ပြခဲ့ပါတယ်။
အဲဒီဆန္ဒထုတ်ဖော်မှုကို Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုတွေက ပူးပေါင်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Era’sEye / Photo – KMD18