နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား

ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနှင့် ‘ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု’ အားကောင်းစေရန် တရုတ်သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်

ဘေဂျင်း/ဆိုးလ် — တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် သီးခြားကမ္ဘာဖြစ်နေသော မြောက်ကိုရီးယားနိုင်ငံသို့ ခုနစ်နှစ်အတွင်း ၎င်း၏ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး ခမ်းနားထည်ဝါစွာ ကြိုဆိုမှုကို လက်ခံရရှိပြီးနောက် မကြာမီတွင်ပင် မြောက်ကိုရီးယားနှင့် “ဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု” ကို ပိုမိုနက်ရှိုင်းစေရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ ထုတ်ပြန်ချက်အရ ရှီကျင့်ဖျင်သည် ၎င်း၏ နှစ်ရက်ကြာ အစိုးရခရီးစဉ်ကို စတင်သည့် တနင်္လာနေ့က ကင်ဂျုံအွန်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးအတွင်းသို့ “အင်အားပါဝင်သော တွန်းအား” များ ထည့်သွင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သိပ္ပံနှင့် နည်းပညာစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် သမ္မတကတော် ရီဆိုလ်ဂျူတို့သည် ပြုံးယမ်း လေဆိပ်၌ ရှီကျင့်ဖျင်ကို ကြိုဆိုခဲ့ကြပြီး၊ ရှီကျင့်ဖျင်၏ လေယာဉ်ဆင်းသက်ချိန်တွင် ၎င်းတို့ဇနီးမောင်နှံ လက်ခုပ်တီးကြိုဆိုနေပုံကို နိုင်ငံတော်ရုပ်သံဗီဒီယိုဖိုင်တွင် ပြသခဲ့သည်။

ရှီကျင့်ဖျင်နှင့် ၎င်း၏ဇနီး ဖုန်လီယွမ်တို့ကို ကင်ဂျုံအွန်က “နွေးထွေးစွာ” ကြိုဆိုခဲ့ပြီး မြောက်ကိုရီးယား ကလေးငယ်များက ပန်းစည်းများ ပေးအပ်ခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ကင်အီဆွန်းရင်ပြင်တွင် ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် ဧည့်သည်တော်များကို ကြိုဆိုရန် မြင်းစီးကဗာလရီ အစောင့်တပ်ဖွဲ့များ တန်းစီစောင့်ဆိုင်းနေကြပြီး ရင်ပြင်ထက်တွင် တပ်ဆင်ထားသည့် ရှီကျင့်ဖျင်နှင့်ကင်ဂျုံအွန်တို့၏ ဧရာမပုံတူပန်းချီ ကားချပ်ကြီးများ အောက်တွင် စနစ်တကျ စီစဉ်ထားသော လူအုပ်ကြီးက ပန်းပွင့်များနှင့် အလံများကို ဝှေ့ယမ်းခဲ့ကြကြောင်း နိုင်ငံတော်သတင်းဌာန၏ ဗီဒီယိုဖိုင်အရ သိရသည်။

အမြောက် ၂၁ ချက်ပစ်ဖောက် ဂုဏ်ပြုပြီးနောက် ခေါင်းဆောင်နှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ကိုရီးယားဘာသာစကားဖြင့် “ရဲဘော် ရှီကျင့်ဖျင် ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု ကြွေးကြော်ခဲ့ ကြကြောင်း CCTV က ဆိုသည်။ ထို့နောက် ကင်ဂျုံအွန်နှင့် ရှီကျင့်ဖျင်တို့သည် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး မို့ကရန်ဟောက်စ် (Mokran House) နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း CCTV အရ သိရသည်။

ဤခရီးစဉ်သည် ရှီကျင့်ဖျင်အတွက် ယခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို တရုတ်နိုင်ငံ မြို့တော်တွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဤခရီးစဉ်၏ အချိန်ကိုက်ဖြစ်မှုသည် ပြင်းထန်သော ဘူမိနိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် အချိန်အခါတွင် တရုတ်နိုင်ငံအား ဘက်စုံစွမ်းဆောင်နိုင်သော ကမ္ဘာလုံး ဆိုင်ရာ သြဇာညောင်းသည့် ကြားခံပွဲစားတစ်ဦးအဖြစ် ပုံဖော်ရန် ဘေဂျင်း၏ ကြိုးပမ်းမှုကို အထောက်အကူပြုနေသည်။

ယခုခရီးစဉ်သည် ရှီကျင့်ဖျင်အတွက် ပြုံးယမ်းနှင့် မိမိတို့နိုင်ငံ၏ ရင်းနှီးသော သမိုင်းဝင် ဆက်ဆံရေးကို ပြန်လည်အတည်ပြုရန် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များအတွင်း ကင်ဂျုံအွန်နှင့် ပူတင်တို့ ဆက်ဆံရေး မြှင့်တင်ခဲ့ကြသော်လည်း၊ တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အရေးအကြီးဆုံး စီးပွားရေးထောက်တိုင်နှင့် သံတမန်ရေးရာ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဘေဂျင်းဘက်က ပြတ်ပြတ်သားသား ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဆင်ဟွာသတင်းဌာန၏ ထုတ်ပြန်ချက်အရ ရှီကျင့်ဖျင်က ကင်ဂျုံအွန်သို့ “နိုင်ငံတကာ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရိုးရာချစ်ကြည်ရေးကို အလေးအမြတ်ထားတဲ့ တရုတ်ပါတီနဲ့ အစိုးရရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့်မူ ရှီကျင့်ဖျင်၏ ခရီးစဉ်သည် ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ကာလရှည်ကြာ ကျင့်သုံးလာခဲ့သည့် ၎င်း၏ ချိန်ခွင်လျှာညှိကစားကွက်၏ နောက်ထပ် အခန်းကဏ္ဍသစ်တစ်ခုဖြစ်ပြီး၊ မည်သည့်နိုင်ငံအပေါ်တွင်မျှ အလွန်အမင်း မှီခိုမှုမရှိစေရန် ရှောင်ရှားရင်း နှစ်နိုင်ငံစလုံးထံမှ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်။

ရှီကျင့်ဖျင် မရောက်ရှိမီ တစ်ရက်အလိုတွင် မြောက်ကိုရီးယား နိုင်ငံတော်သတင်းဌာနက ကင်ဂျုံအွန်သည် အဓိက ခဲယမ်းမီးကျောက်ကုမ္ပဏီတစ်ခုသို့ သွားရောက်စစ်ဆေးခဲ့ပြီး “အမျိုးမျိုးသော ဘဲလစ်စတစ်ဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေး” ဆိုင်ရာ အစီရင်ခံစာကို နာခံခဲ့ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်အပတ်ကလည်း ကင်ဂျုံအွန်သည် လက်နက်အဆင့်မီ နျူကလီးယားပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံအသစ်တစ်ခုသို့ သွားရောက်ခဲ့ပြီး ပြုံးယမ်းအနေဖြင့် “မိမိတို့နိုင်ငံ၏ နျူကလီးယားအင်အားစုကို အဆမတန် တိုးမြှင့်သွားရန်” စီစဉ်ထားကြောင်း နိုင်ငံတော် သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ တရားမဝင် နျူကလီးယားလက်နက် အစီအစဉ်သည် ထိုအာဏာရှင် နှစ်ဦးအကြား ဆွေးနွေးပွဲများတွင် မည်မျှအတိုင်းအတာအထိ ပါဝင်လာမည်ကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပေ။

နျူကလီးယား အစီအစဉ်သည် ဒေသတွင်းအပေါ် အမေရိကန်၏ အာရုံစိုက်မှုကို ပိုမိုမြင့်တက် စေပြီး မြောက်ကိုရီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံကိုပါ သက်ရောက်မှု ရှိစေမည့် မတည်ငြိမ်မှုများ ဖြစ်လာနိုင်ခြေရှိသဖြင့် ဘေဂျင်းအနေဖြင့် ထိုအစီအစဉ်အပေါ် သတိကြီးစွာ ထားရှိသည်ဟု အများက ရှုမြင်ကြသည်။

သို့သော်လည်း တရုတ်ခေါင်းဆောင်ပိုင်းသည် ပြုံးယမ်းအား အမေရိကန်၏ သြဇာအာဏာကို တန်ပြန်ချိန်ခွင်လျှာညှိပေးမည့် ဘေဂျင်းဘက်တော်သား အစုအဖွဲ့၏ အစိတ်အပိုင်းတစ်ခု အဖြစ်လည်း ရှုမြင်သည်။

ရှီကျင့်ဖျင်က ထိုကဲ့သို့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ရည်ညွှန်းပြီး၊ တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးအနေဖြင့် “မိမိတို့၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မာစွာ ကာကွယ်သင့်ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်သင့်သည်” ဟု ပြောကြားခဲ့သည်။

ဆက်ဆံရေး ပြန်လည်ချိန်ခွင်လျှာညှိခြင်း

ပြည်ပခေါင်းဆောင်များ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ခြင်းသည် ရှားပါးလှ သည်။ ရှီကျင့်ဖျင်သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်တွင် လာရောက်ခဲ့ပြီး၊ ပူတင်ကမူ ၂၀၂၄ ခုနှစ်တွင် လာရောက်ခဲ့ကာ ထိုစဉ်က မော်စကိုနှင့် ပြုံးယမ်းတို့သည် အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး ၎င်းတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ဘေဂျင်းနှင့် ပြုံးယမ်းအကြား ဆက်ဆံရေးမှာ သိသိသာသာ အေးစက်ခဲ့သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း နယ်စပ်ပိတ်ဆို့မှုများကြောင့် နှစ်ဖက် အကြား အပြန်အလှန် ကူးလူးဆက်ဆံမှုများ ထိခိုက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ပြုံးယမ်းသည် မော်စကိုနှင့် ပိုမိုနီးကပ်လာကာ ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှား၏စစ်ပွဲကို ကူညီရန် စစ်သားထောင်ပေါင်းများစွာကို စေလွှတ်ခဲ့သည်ဟု ယုံကြည်ရသည်။

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ထရမ့်အစိုးရက အကြီးအကျယ် ပြုပြင်ပြောင်းလဲ နေမှုများကြောင့် ကမ္ဘာ့အာဏာချိန်ခွင်လျှာ ရွေ့လျားနေချိန်တွင်၊ ဤခရီးစဉ်သည် ရှီကျင့်ဖျင် အတွက် ထိုဆက်ဆံရေးများကို ပြန်လည်ချိန်ခွင်လျှာညှိရန်နှင့် ဘေဂျင်းအတွက် ဤဆက်ဆံရေး၏ အရေးပါမှုကို အရိပ်အယောင်ပြသရန် အခွင့်အရေးတစ်ခု ဖြစ်သည်။

ရှီကျင့်ဖျင်နှင့် ကင်ဂျုံအွန်တို့သည် ပြီးခဲ့သည့် စက်တင်ဘာလက ဘေဂျင်းတွင် ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြပြီး ထိုစဉ်က ကင်ဂျုံအွန်သည် ရှီကျင့်ဖျင်၏ ဘေးတွင် ထိုင်ခဲ့သည်။ ပူတင်သည်လည်း ထိုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခေါင်းဆောင်သုံးဦးစလုံးက မကြုံစဖူး ထူးခြားသည့် ညီညွတ်မှုကို ပြသခဲ့ကြသည်။

ယခုခရီးစဉ်သည် တရုတ်နှင့် မြောက်ကိုရီးယားတို့ ၁၉၆၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ‘ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် ကူညီရိုင်းပင်းရေး စာချုပ်’ သက်တမ်း ၆၅ နှစ်ပြည့် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေသည်။ ယင်းစာချုပ်သည် ကိုရီးယားစစ်ပွဲအတွင်း မြောက်ကိုရီးယားဘက်မှ တရုတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် ပေးခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုမပြည့်မီ အချိန်တွင် လက်မှတ်ရေးထိုးခဲ့သည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အပြန်အလှန် ကာကွယ်ရေးစာချုပ် ဖြစ်သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးမှာမူ လွန်ခဲ့သည့်နှစ်များအတွင်း ဆိုးရွားလာခဲ့သည်။

“ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်လာကြပြီး၊ တောင်နဲ့ မြောက်ကိုရီးယားအကြား ကွဲပြားမှုကလည်း ဆက်လက်ကျယ်ပြန့်နေပါတယ်” ဟု တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) က ရှီကျင့်ဖျင်၏ ခရီးစဉ်ကို ရည်ညွှန်းပြီး တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲတွေကို ဆက်လက် လုပ်ဆောင်သွားရပါမယ်။”

ထရမ့်သည်လည်း မြောက်ကိုရီးယားနှင့် အဆင့်မြင့် သံတမန်ရေးရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် စိတ်ဝင်စားမှုကို အကြိမ်ကြိမ် ပြသခဲ့သည်။ အမေရိကန်သမ္မတသည် ၎င်း၏ ပထမသက်တမ်းအတွင်း ကင်ဂျုံအွန်နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ယင်းသည် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန် လူသိရှင်ကြား ကြိုးပမ်းမှု ဖြစ်သော်လည်း နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

ကင်ဂျုံအွန်က ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ထရမ့်နှင့် ထပ်မံတွေ့ဆုံရန် အဆင်သင့်ရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း အမေရိကန်အနေဖြင့် နျူကလီးယား ဖျက်သိမ်း ရေး ရည်မှန်းချက်များကို စွန့်လွှတ်မှသာ ဖြစ်နိုင်မည်ဟု ဆိုသည်။ အီရန်နိုင်ငံ၏ နျူကလီးယား သန့်စင်မှု အစီအစဉ်ကို ဖျက်ဆီးရန်အတွက် စစ်ပွဲစတင်ခဲ့သည့် ထရမ့်အနေဖြင့် ထိုအချက်ကို လက်ခံနိုင်မည်လားဆိုသည်ကိုမူ သိရှိရန် ခက်ခဲသည်။

လွန်ခဲ့သည့် မေလက အမေရိကန်သမ္မတ ထရမ့် ဘေဂျင်းသို့ သုံးရက်ကြာ လာရောက် လည်ပတ်စဉ် ရှီကျင့်ဖျင်နှင့် ထရမ့်တို့ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများထဲတွင် ကိုရီးယားကျွန်းဆွယ်အရေးလည်း ပါဝင်ခဲ့သည်။

ထိုစဉ်က ၎င်းတို့တွေ့ဆုံမှုအပေါ် အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ခေါင်းဆောင်နှစ်ဦး စလုံး၌ “မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ဟူသော မျှော်မှန်းချက်ချင်း တူညီကြသည်” ဟု ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်တွင်မူ ရှီကျင့်ဖျင်နှင့် ထရမ့်တို့သည် ကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ “အမြင်ချင်း ဖလှယ်ခဲ့ကြသည်” ဟုသာ ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 45 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 55 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက