ဇွန်လ (၈)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ (၅၀)လောက် ဆက်တိုက်လာကြဲသွားတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ (၃)ကြိမ် ဗုံး (၆)လုံးအပြင် Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ (၄၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့အရှေ့ခြမ်းကို ဗုံးကြဲခံရတာကြောင့် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်တဲ့အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အခုရက်ပိုင်းထဲ မင်းတပ်နဲ့ ကန်ပက်လက်မြို့တို့မှာ ချင်းပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းကနေပါ အဆက်မပြတ် တိုက်ခိုက်နေတာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ ချင်းတောင်ပိုင်းရှိ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တို့ အင်အားထောင်နဲ့ချီကာ စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။








