၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ၏ လူချင်းတိုက်ရိုက် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင် (Vladimir Putin) က “အကြောင်းမထူး” (အကျိုးမရှိ) ဟုဆိုကာ ပယ်ချလိုက်သည်။
ရုရှားခေါင်းဆောင် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (St. Petersburg International Economic Forum) တွင် မိန့်ခွန်းပြောကြားရန် ပြင်ဆင်နေစဉ် ကြာသပတေး နေ့က ထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာတစ်ခု၌ ဇလန်းစကီးက နှစ်နိုင်ငံအကြား လေးနှစ်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ပူတင်အား တိုက်တွန်းခဲ့သည်။
သို့သော် ပူတင်က ထိုစာကို “ရိုင်းစိုင်းသည်” ဟု ခေါ်ဆိုကာ ဇလန်းစကီး၏ တကယ့်ရည်ရွယ် ချက်အပေါ် သံသယရှိကြောင်း ပြသရင်း လျှော့တွက်ပစ်ပယ်ခဲ့သည်။ ကရင်မလင် (ရုရှားသမ္မတရုံး) ပြောရေးဆိုခွင့်ရှိသူက ယူကရိန်းသမ္မတအနေဖြင့် စကားပြောချင်ပါက “မော်စကိုသို့ လာနိုင်သည်” ဟု ပြောကြားခဲ့သည်။
ရုရှားဘီလီယံနာများနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ဆုံးဖြတ်ချက်ချမှတ်သူများ ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံနေကြသည့် ပွဲအလယ်တွင် ဇလန်းစကီးဘက်က ယခုကဲ့သို့ အချိန်ကိုက်လုပ်ဆောင်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ပေ။ ရုရှားစီးပွားရေးသည် ရုန်းကန်နေရပြီး ဇလန်းစကီးအနေဖြင့် စီးပွားရေးလောကမှ ထိပ်သီးပုဂ္ဂိုလ်များအကြား မြင့်တက်နေသော မကျေနပ်မှုများကို အသုံးချရန် မျှော်လင့်နေခြင်း ဖြစ်သည်။
“စစ်ပွဲက ရုရှားအပေါ် ပိုမိုဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ယူဆောင်လာပေးနေတဲ့ ဒီပကတိအခြေအနေအပေါ် ရုရှားပြည်သူတွေလည်း နောက်ဆုံးမှာ စိတ်မသက်မသာ ဖြစ်လာ နေကြတာကို ကျွန်တော်တို့အားလုံး မြင်တွေ့နေရပါတယ်” ဟု ဇလန်းစကီးက ၎င်း၏အိတ်ဖွင့် ပေးစာ တွင် ရေးသားထားသည်။ “သူတို့ဟာ ခင်ဗျားရဲ့စစ်ပွဲ ဘယ်တော့ပြီးမလဲဆိုတာ မမြင်ရတဲ့အချက်ကို သဘောမကျကြပါဘူး။”
ရုရှားခေါင်းဆောင်သည် ဒိုးနက်စ် (Donetsk) အပါအဝင် ယူကရိန်းဒေသများကို သိမ်းပိုက် မည့် သတ်မှတ်ရက်များကို “ပုံမှန်” ရွှေ့ဆိုင်းနေကြောင်း ယူကရိန်းခေါင်းဆောင်က ဆိုသည်။
“ပြီးတော့ ခင်ဗျား ဒီနှစ်ထဲမှာလည်း အဲဒါကို သိမ်းပိုက်နိုင်မှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြား ခဲ့သည်။
ဇလန်းစကီးက ပူတင်ကို တိုက်ရိုက်ရည်ညွှန်းကာ ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ “ခင်ဗျားအနေနဲ့ ရုရှားနိုင်ငံအတွက် မဟုတ်ဘဲ ခင်ဗျားကိုယ်တိုင် ရှင်သန်ရပ်တည်နိုင်ရေး အတွက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရလိမ့်မယ်။ ဒါဟာ ကျွန်တော့်ဆီက ဒါမှမဟုတ် ယူကရိန်းဆီက ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ခင်ဗျား ကောင်းကောင်းသိတဲ့ ရုရှားသမိုင်းရဲ့ ပကတိအမှန်တရားတစ်ခု ဖြစ်ပါတယ်- ရုရှားနိုင်ငံ ပင်ပန်းနွမ်းနယ်လာတဲ့အခါ အပြောင်းအလဲက ရောက်လာတတ်စမြဲပဲ” ဟု ကိုယ်ရေးကိုယ်တာဆန်ဆန် သတိပေးချက်ကို စာတွင် ထည့်သွင်းခဲ့သည်။
“ကျွန်တော်တို့ အဲဒီပင်ပန်းနွမ်းနယ်မှုဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ခင်ဗျား စစ်ပွဲကို ရပ်တန့်လို့ရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ယူကရိန်းသည် စစ်ပွဲတွင် အနိုင်ရရန် အလွန်ဝေးကွာနေသေးသော်လည်း ရှေ့တန်းစစ်မျက်နှာ အချို့တွင်မူ အသာစီးရနေပုံပေါ်သည်။ ကိဗ် (ယူကရိန်း) သည် နယ်စပ်နှင့်ဝေးကွာသော စွမ်းအင်ဆိုင်ရာ အဆောက်အအုံများနှင့် အခြားဗျူဟာမြောက် ပစ်မှတ်များကို ဦးတည်ပြီး ရုရှားနိုင်ငံအတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်နိုင်စွမ်းကိုလည်း အကြီးအကျယ် မြှင့်တင်ထားသည်။
ထိုသတင်းစကားကို ပိုမိုထင်ရှားစေရန်အတွက် “ရုရှား၏ ဒါးဗို့စ် (Davos)” ဟု တစ်ခါတစ်ရံ တင်စားခေါ်ဆိုကြသည့် ဂုဏ်သရေရှိဖိုရမ်သို့ တက်ရောက်လာသူများ ယခုအပတ်တွင် စုဝေး နေကြစဉ်မှာပင် ယူကရိန်းက စိန့်ပီတာစဘတ်ကို တိုက်ခိုက်ခဲ့သည်။
ရုရှား၏ စစ်ဆင်နွှဲပုံမှာ စီးပွားရေးအရရော လူသားအရင်းအမြစ်အရပါ ရေရှည်မခံနိုင်ကြောင်း အနောက်နိုင်ငံမှ ကျွမ်းကျင်သူများက ကာလရှည်ကြာ ထောက်ပြခဲ့ကြသည်။ မဟာဗျူဟာ လေ့လာရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (IISS) က ကရင်မလင်အနေဖြင့် “ရုရှား၏ စီးပွားရေး နှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏ တောင်းဆိုချက်များကို အကြီးအကျယ် မြှင့်တင်မလား သို့မဟုတ် စစ်ပွဲ၏ ရည်မှန်းချက်များကို လျှော့ချမလားဆိုသည့် အခြေခံကျသော ရွေးချယ်မှု တစ်ခုနှင့် မကြာမီ ရင်ဆိုင်ရတော့မည်” ဟု မကြာသေးမီက မှတ်ချက်ပြုခဲ့သည်။
သို့သော် စီးပွားရေးအခြေအနေအပေါ် သတိပေးသံများသည် ရုရှားနိုင်ငံအတွင်းပိုင်းမှပင် မကြာသေးမီက စတင်ထွက်ပေါ်လာခဲ့သည်။ ရုရှား၏ အကြီးဆုံးဘဏ်ဖြစ်သော Sberbank မှ အကြီးအကဲ ဂျာမန် ဂရက်ဖ် (German Gref) က လက်ရှိအခြေအနေများအောက်တွင် စီးပွားရေး ဆက်လက်တိုးတက်နေခြင်းမှာ “အံ့ဩစရာဖြစ်နေပြီ” ဟု သောကြာနေ့က ပြောကြားခဲ့သည်။( ဘာသာပြန်သူဖြည့်စွက်ရှင်းလင်းချက်-စစ်ဖြစ်နေရင်းရုရှားရဲ့ စီးပွားရေး တိုးတက်နေတာ တကယ်ပဲလားဆိုရင် တကယ်တိုးတက်နေတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါဟာ “ စစ်ပွဲကြောင့်ဖြစ်တဲ့” တိုးတက်မှု (War-driven growth) သာ ဖြစ်ပါတယ်။ ရုရှားအစိုးရဟာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ စစ်သားတွေရဲ့ လစာတွေထဲကို နိုင်ငံတော် ဘတ်ဂျက်ငွေ အမြောက်အမြား စိုက်ထုတ်ထည့်သွင်းပေးနေတာကြောင့် စီးပွားရေးကဏ္ဍ အချို့မှာ ငွေလည်ပတ်ပြီး GDP ကိန်းဂဏန်းတွေ တက်နေတာ ဖြစ်ပါတယ်။
Sberbank ဘဏ်ဥက္ကဋ္ဌက အခုလိုအခြေအနေမျိုးမှာ စီးပွားရေး ဆက်လက်တိုးတက် နေခြင်း ဟာ “ အံ့ဩစရာ (တစ်နည်းအားဖြင့် ဖန်တီးယူထားတဲ့ အံ့ဖွယ်အမှု)” ဖြစ်နေပြီလို့ ပြောရခြင်းမှာ—အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု တွေနဲ့ ကမ္ဘာ့ဈေးကွက်ကနေ အပယ်ခံထားရတဲ့ အခြေအနေမျိုးအောက်မှာ ပုံမှန်စီးပွားရေးသီအိုရီအရ ဆိုရင် တိုးတက်ဖို့ မဖြစ်နိုင်လို့ပါ။ ဒါကြောင့် ဒါဟာ အစိုးရက ငွေတွေအတင်းပုံအော သုံးစွဲနေလို့သာ ယိမ်းထိုးပြီး ထိန်းထားနိုင်တဲ့ သဘာဝမကျတဲ့ တိုးတက်မှုမျိုး ဖြစ်ပါတယ်။)
သို့သော်လည်း ကရင်မလင်သည် ထိုသတိပေးချက်များကို ယခုအချိန်အထိ ပယ်ချထားပြီး၊ ပူတင်ကိုယ်တိုင်လည်း သောကြာနေ့ ဖိုရမ်မိန့်ခွန်းအတွင်း အာခံသည့်လေသံဖြင့် ပြောကြားခဲ့သည်။ ၎င်းက ယူကရိန်းအပေါ် အကြောင်းမဲ့ အလုံးစုံကျူးကျော်မှုကို အမိန့်ပေးခဲ့ပြီးနောက် မော်စကိုအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို “ခိုးယူမှု” ဟု ခေါ်ဆိုခဲ့ပြီး၊ အနောက်နိုင်ငံများသည် ရုရှားကို “အပြစ်ရှာရန်” အကြောင်းပြချက်များ ဖန်တီးနေသည်ဟု စွပ်စွဲခဲ့သည်။
ပူတင်သည် စစ်ပွဲအဆုံးသတ်ရေးအတွက် ၎င်း၏ အမြင့်ဆုံးတောင်းဆိုချက်များကို ဆက်လက်တွန်းအားပေးနေပြီး ယင်းတွင် ယူကရိန်းအနေဖြင့် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသေးသော နယ်မြေအချို့ကိုပင် စွန့်လွှတ်ရမည်ဟူသော အချက် ပါဝင်သည်။ တစ်ချိန်တည်းမှာပင် ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက် (Alexander Novak) က သောကြာနေ့တွင် နိုင်ငံ၏စီးပွားရေးသည် “ထိန်းချုပ်ထားသော အအေးခံမှု အခြေအနေ (controlled cooling)” တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
‘တိုက်ရိုက် ထိတွေ့ဆက်ဆံမှု’
ဇလန်းစကီးက စစ်ပွဲအဆုံးသတ်ရန် ပူတင်နှင့် တိုက်ရိုက်တွေ့ဆုံရန် တောင်းဆိုခဲ့ပြီး အမေရိကန်အနေဖြင့် ၎င်း၏အာရုံကို အီရန်ထံမှ ယူကရိန်း-ရုရှားစစ်ပွဲထံသို့ ပြန်လည် မပြောင်းမချင်း ငြိမ်းချမ်းရေးကို စောင့်မနေသင့်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
“အမေရိကန်ဟာ အီရန်အရေးအပေါ် အပြည့်အဝ အာရုံစိုက်နေတာကို ကျွန်တော်တို့ တွေ့မြင်နေရပြီး၊ ဥရောပက စစ်ပွဲဟာ သူတို့ရဲ့ အာရုံစိုက်မှုဗဟိုချက်ဆီ ပြန်ရောက်လာတဲ့ အထိ ဒီအတိုင်း ထိုင်စောင့်နေတာမျိုးက မှားပါလိမ့်မယ်” ဟု ဇလန်းစကီးက ဆိုသည်။
“ယူကရိန်းအနေနဲ့ ကျွန်တော်တို့နဲ့ ခင်ဗျားအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကတစ်ဆင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကမ်းလှမ်းပါတယ်။ ကျွန်တော် တွေ့ဆုံပွဲတစ်ခုကို ကမ်းလှမ်းပါတယ်” ဟု ၎င်းက ရေးသားခဲ့ပြီး ထိုတွေ့ဆုံမှုကို တတိယနိုင်ငံတစ်ခုတွင် ပြုလုပ်သင့်ကာ တိကျသော ရက်စွဲတစ်ခု သတ်မှတ်သင့်ကြောင်း ဖြည့်စွက်ခဲ့သည်။ ထိုတွေ့ဆုံပွဲများ ပြုလုပ်နေစဉ်အတွင်း အလုံးစုံ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ထားရမည်ဟု ဇလန်းစကီးက ပြောသည်။
“စစ်မှန်တဲ့ တိတ်ဆိတ်မှုကို တည်ဆောက်ဖို့ ကြိုးပမ်းခြင်းက တစ်ဦးနဲ့တစ်ဦး စကားပြောဆို နိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။”
ယခင်က ရုရှားကျောထောက်နောက်ခံပြု လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အကြိမ်အရာ ပေါင်းများစွာကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့များက ခြေမှုန်းနိုင်ခဲ့သည်ဟု ဆိုထားခြင်းကြောင့် ဇလန်းစကီးက ရုရှားမြို့တော်သို့ သွားရောက်ရန် ငြင်းဆိုခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
ပူတင်သည် ၎င်း၏မိန့်ခွန်းတွင် ထိုစာအကြောင်းကို ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း နောက်ဆက်တွဲ စကားဝိုင်းဆွေးနွေးပွဲတွင် ထိုအကြောင်းကို မေးမြန်းခြင်းခံခဲ့ရသည်။
India Today မှ ဂီတာ မိုဟန် (Geeta Mohan) ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဇလန်းစကီးနှင့် တွေ့ဆုံရန် မိမိအနေဖြင့် တစ်ခါမျှ မငြင်းဆိုခဲ့ဖူးသော်လည်း ယခုအချိန်တွင် ထိုသို့လုပ်ဆောင်ရန် “အကြောင်းမထူး” (အကျိုးမရှိ) ဟု ယူဆကြောင်း ပူတင်က ပြောကြား ခဲ့သည်။ “တစ်ခုတည်းသောအချက်ကတော့ ယူကရိန်းဘက်က ကျွန်တော်တို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ရှေ့တိုးမှုကို ရပ်တန့်ဖို့ပဲ၊ ဒါပါပဲ” ဟု ၎င်းက ဆိုသည်။ “ဒါပေမဲ့ ကျွန်တော်တို့ သဘောတူညီချက်တွေ လိုအပ်ပါတယ်… ကျွမ်းကျင်သူတွေကို အလုပ်လုပ်ခွင့်ပေးပါ၊ အဖြေအချို့ ရှာဖွေခိုင်းပါ၊ အဲဒီနောက်မှ ကျွန်တော်တို့ တွေ့ဆုံပြီး… စာရွက်စာတမ်းအချို့ လက်မှတ်ရေးထိုးနိုင်ပါတယ်။”
ပူတင်က ထိုစာကို “ရိုင်းစိုင်းသည်” ဟု ခေါ်ဆိုခဲ့ပြီး ဇလန်းစကီး၏ စာနောက်ကွယ်မှ တကယ့်ရည်ရွယ်ချက်မှာ မည်သည့်တွေ့ဆုံပွဲမျှ ဖြစ်မလာစေရန် သေချာစေလိုခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုစာအပေါ် မိမိ၏ တုံ့ပြန်ချက်မှာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော ရုရှားစစ်သားများထံ ပေးပို့သည့် သတင်းစကားဖြစ်လိမ့်မည်ဟု ပူတင်က ဆိုသည်- “ဆက်လုပ်ကြပါ ရဲဘော်တို့။”
နောက်ပိုင်းတွင် ဇလန်းစကီးက ပူတင်၏ “အားနည်းသော တုံ့ပြန်မှု” အပေါ် ပြစ်တင် ဝေဖန် ခဲ့သည်။ “သူက စစ်ပွဲကို မရပ်တန့်ချင်ရုံသက်သက်ပါပဲ။ ဒီတုံ့ပြန်မှုဟာ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများကို စိတ်ပျက်စေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။
ထိုပွဲအတွင်း ပူတင်သည် သေချာစွာ စိစစ်ရွေးချယ်ထားသည့် ပရိသတ်အချို့ကိုစကားပြောခွင့် ပြုခဲ့သည်။
အိမ်ဖြူတော်၏ ကပ္ပပွဲခန်းမဆောင် ပြန်လည်တည်ဆောက်ရေးကို အတည်ပြုရန် တာဝန်ပေးထားသည့် ကော်မရှင်ကို ဦးဆောင်နေသော အမေရိကန်အရာရှိ ရော့ဒ်နီ မင်မ်စ် ကွတ်ခ် ဂျူနီယာ (Rodney Mims Cook, Jr.) က စိန့်ပီတာစဘတ်၏ ဗိသုကာလက်ရာများကို ချီးကျူးခဲ့ပြီး ဧည့်ဝတ်ကျေပွန်မှုအတွက် ပူတင်ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“စကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ လာမယ့်အပတ်မှာ ကျွန်တော်တို့ မြို့တော်နှစ်ခုအကြား ဆွေးနွေးစရာ အကြံဉာဏ်တွေ အများကြီး ရှိပါတယ်” ဟု ကွတ်ခ်က ပြောကြားခဲ့သည်။
ပူတင်က ၎င်း၏ “ကြင်နာသောစကားများ” အတွက် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။
ဥရောပပါလီမန်အမတ်နှင့် ရိုမေးနီးယား နိုင်ငံရေးသမား ဒီယာနာ အီယိုဗာနိုဗီချီ ဆိုဆိုအာကာ (Diana Iovanovici Șoșoacă) က ပူတင်အား “ရိုမေးနီးယားပြည်သူတွေက ခင်ဗျားကို မမုန်းပါဘူး။ ရိုမေးနီးယားပြည်သူတွေဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ကရင် ကနိုက်စ်လ် (Karin Kneissl) ကလည်း ဒရုန်းစစ်ပွဲနှင့်ပတ်သက်သည့် စစ်ရေးစည်းမျဉ်းများအကြောင်း ပူတင်အား မေးခွန်းထုတ် ခဲ့သည်။ ပူတင်သည် ၂၀၁၈ ခုနှစ်တွင် ကနိုက်စ်လ်၏ မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့ပြီး သတို့သမီးနှင့်အတူ ခေတ္တကပြခဲ့ခြင်းကြောင့် လူသိများသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စစ်ပွဲ အဆုံးသတ်ရန် တင်ပြထားသည့် အဆိုပြုချက်များသည် ငြိမ်းချမ်းရေး သဘောတူညီချက်များ အတွက် “အခြေခံဖြစ်နိုင်” သော်လည်း နှစ်နိုင်ငံစလုံးဘက်မှ အလျော့အတင်းလုပ်ရန် လိုအပ်လိမ့်မည်ဟု စိန့်ပီတာစဘတ်တွင် ပူတင်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ယေဘုယျအားဖြင့် ဒီအလျော့အတင်းတွေကို သဘောတူပါတယ်။ ယူကရိန်း ဘက်က ဒါကိုလက်ခံဖို့ နားချဖို့ပဲ လိုတာပါ၊ ဒါပါပဲ” ဟု ၎င်းက ဆိုသည်။ “ဒါပေမဲ့ ခြုံငုံ ကြည့်ရင် ဒါတွေဟာ ရုရှားနဲ့ ယူကရိန်းအကြား သဘောတူညီချက်တွေအတွက် အခြေခံကောင်းတစ်ခု ဖြစ်လာနိုင်ပြီး ဒီပဋိပက္ခကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
ထရမ့်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ရာထူးတက်လာစဉ် စစ်ပွဲကို အလျင်အမြန် အဆုံးသတ်မည်ဟု ကတိပြုခဲ့သော်လည်း လက်တွေ့ကျသော တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်သေးဘဲ တကြိမ်ထက်မက ရုရှားဘက်က ရပ်တည်ပေးပုံပေါ်သဖြင့် ဝေဖန်ခံ နေရသည်။
ပူတင်က ထရမ့်ကို “လုပ်ဖော်ကိုင်ဖက်” ဟု ခေါ်ဆိုကာ ၎င်းအား အလေးအနက်ပြုခဲ့ပြီး၊ ထရမ့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ကို “မသမာမှု” ကြောင့် ရှုံးနိမ့် ခဲ့ရခြင်းဖြစ်သည်ဟူသော အဆိုကို ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် အလုံးစုံကျူးကျော်မှုမတိုင်မီ ကာလအတွင်း ထရမ့်သာ အာဏာရရှိနေခဲ့ပါက “အခြေအနေက တစ်မျိုးဖြစ်သွားနိုင်သည်” ဟုလည်း ပြောကြားခဲ့သည်။
သို့သော်လည်း ကြာသပတေးနေ့တွင် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ဆယ်ဂဏန်း ကျော်သည် မိမိတို့၏ ခေါင်းဆောင်မှု (ထရမ့်ကိုယ်တိုင်) ကို အာခံပြီး ဒီမိုကရက်များနှင့် ပူးပေါင်းကာ ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရင်း ယူကရိန်းသို့ ဒေါ်လာဘီလီယံပေါင်းများစွာ အကူအညီပေးမည့် အဓိက ဥပဒေကြမ်းတစ်ခုကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ကြသဖြင့် အမေရိကန်သမ္မတသည် ထိုကိစ္စတွင် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အကယ်၍ ဆီးနိတ် (အထက်လွှတ်တော်) ကပါ အတည်ပြုပါက ဤဥပဒေကြမ်းသည် ဘိုင်ဒင် ရာထူးသက်တမ်းအတွင်းဖြစ်သည့် ၂၀၂၄ ခုနှစ် နွေဦးရာသီနောက်ပိုင်း ယူကရိန်း-ရုရှားစစ်ပွဲနှင့် ပတ်သက်၍ ကွန်ဂရက်လွှတ်တော်၏ ပထမဆုံး ကြီးမားသော ခြေလှမ်းဖြစ်လာမည် ဖြစ်သည်။ သို့သော်လည်း ထရမ့်အနေဖြင့် ထိုဥပဒေကြမ်း ၎င်း၏ စားပွဲပေါ်သို့ ရောက်ရှိ လာပါက ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခြေ ရှိနေဆဲဖြစ်သည်။








