CCTV မှတ်တမ်းများကြောင့် ဖမ်းဆီးခံရမှုများရှိနေတဲ့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ပြနေပြည်သူများအနေနဲ့ CCTV မှတ်တမ်းများကို တစ်ရက်လျှင် တစ်ကြိမ် ဖျက်ပေးကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်ပါတယ်။
မြို့ပြမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ရဲဘော်များအနေနဲ့ CCTV မှတ်တမ်းများကြောင့် ဖမ်းဆီးခံရမှု များပြားလာတဲ့အပေါ် တော်လှန်ရေးအင်အားစုများက ဇွန်လ (၁၁) ရက်မှာ ထုတ်ပြန်တောင်းဆိုလာတာပါ။
“ အိမ်တွေမှာရှိတဲ့ စီစီတီဗီဆိုတာ ကိုယ့်အိမ်ရဲ့လုံခြုံရေးအတွက် တပ်ဆင်ထားတာမျိုးပါ။ အကြမ်းဖက်စစ်တပ်အနေနဲ့ အနိုင်ကျင့်ဗိုလ်ကျလို့ အချက်အလက်တွေ ပေးလိုက်ရတဲ့ အိမ်တွေလည်း ရှိပါတယ်။ ဒါကြောင့် အိမ်တွေအနေနဲ့ စီစီတီဗီကို အိမ်တွင်းထဲကိုပဲ ကင်မရာလှည့်ထားတာမျိုးဖြစ်ဖြစ် ထားသင့်ပါတယ်။ ပြည်သူ့ရဲဘော်လေးတွေ အန္တရာယ်ကင်းဖို့ဟာ ပြည်သူတွေမှာပဲ တာ၀န်ရှိနေတာမျိုးမို့ မေတ္တာရပ်ခံချင်ပါတယ်” ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းတို့ရဲ့အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအား စစ်ကျွန်ဘဝအတွင်း နစ်မြုပ်နိုင်ရေးအတွက် CCTV အကူအညီဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့ တော်လှန်ရေးအင်အားစုများက ရေးသားထားပါတယ်။ထို့အတွက်ကြောင့် မြို့ပြနေပြည်သူများရဲ့နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းများအနီး သပိတ်အသံကြားခြင်း၊ ပစ်ခတ်ပေါက်ကွဲသံကြားခြင်း၊ တော်လှန်ရေးရဲဘော်များ ကမ်ပိန်းပြုလုပ်ခြင်းများ တွေ့မြင်ပါက CCTV မှတ်တမ်းများကို ဖျက်ပေးထားကြဖို့ တောင်းဆိုထားပါတယ်။
“ သူတို့က Team ဖွဲ့ပြီးကို စောင့်ကြည့်နေတာ။ CCTV တင် မဟုတ်ဘူး။ ဖုန်းတွေကြားဖြတ်နားထောင်တာ။ ဆိုရှယ်မီဒီယာတွေမှာ တစ်ခုခုတင်ပြီဆိုတာနဲ့ အကြမ်းဖက်စစ်တပ်ဟာ စောင့်ကြည့်ပြီး ဖမ်းဆီးဖို့ကြိုးစားတာတွေဟာ ရှင်းရှင်းပြောရရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါပဲ” လို့ ၎င်းက ထပ်မံပြောပါတယ်။
အခုဇွန်လ ပထမအပတ်အတွင်းမှာ မြို့ပြရဲဘော်များ မစ်ရှင်ပြုလုပ်အပြီး အဖွဲ့လိုက်ဖမ်းဆီးခံရတဲ့ဖြစ်စဉ် (၂) ကြိမ်အထိ ရှိခဲ့ပြီး ရဲဘော် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး CCTV ဓါတ်ပုံကမ်ပိန်းအနေနဲ့ No CCTV, မြို့ပြကို CCTV နဲ့ မသတ်နဲ့အပါအဝင် CCTV အန္တရာယ်သတိထားကြပါ စတဲ့ စာသားများရေး၍ဖြစ်စေ၊ လက်နှစ်ချောင်းအား cross လုပ်ပြီးဖြစ်စေ ပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။