စစ်ကိုင်းမြို့ရှိ တလိုင်း(ထီးလှိုင်)ရွာအား စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံကာကွယ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းမြို့နယ်ရှိ တလိုင်း(ထီးလှိုင်)ရွာအား စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၂ရက်နေ့ နံနက် ၃နာရီ ၂၀မိနစ်အချိန်ကစပြီး စီးနင်းမှုများပြုလုပ်ပြီးနောက် နံနက် ၉နာရီ ၅၀မိနစ်အချိန်မှာ ဒေသခံများရဲ့နေအိမ်ကို ရွာအရှေ့ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။
ကျေးရွာအတွင်းသို့ စီးနင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံကာကွယ်တာတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့က တလိုင်းရွာရှိ စာသင်ကျောင်းမှာ အခြေပြုခဲ့ကာ လက်နက်ကြီးများဖြင့် အချက်ရေများစွာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ တလိုင်း(ထီးလှိုင်)ရွာအတွင်း မီးရှို့ဖျက်ဆီးမှုများကြောင် အိမ်ခြေ ၁၀၀ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။
ယခုအခါ စစ်ကောင်စီတပ်ဖွဲ့သည် တလိုင်းရွာကတစ်ဆင့် ပဒူရွာသို့ ဇူလိုင်လ ၃ရက်နေ့မှာ ပြန်လည်ဝင်ရောက်ခဲ့တာကြောင့် ပဒူရွာရှိ ဒေသခံ ၄၅၀၀ကျော်မှာ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
#Era’sEye
(ပုံစာ – စစ်ကောင်စီတပ်ဖွဲ့က တလိုင်းရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုမြင်ကွင်း။)