ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်အးနားသို့ NLD ပါတီက သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နံနက် (၁၀) နာရီအချိန်မှာ အွန်လိုင်းကတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတကာဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပြီး (၁၆) နှစ်ကြာမြင့်ချိန်ထိ အဖွဲ့ဝင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသူ၊ နိုင်ငံသားအသီးသီးတို့က ရည်ရွယ်ချက်တွေ အပြည့်အဝရရှိအောင် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်တယ်လို့ NLD က ဆိုပါတယ်။
အာဏာရှင်ယန္တရား တည်ဆောက်သူတွေကလည်း ဥပဒေမဲ့မတရားသဖြင့် ဒီမိုကရေစီလူ့ဘောင်အသိုက်အဝန်းကို တိုက်ဖျက်နေတာကို မြန်မာအပါအဝင် နိုင်ငံအချို့မှာ ဖြစ်ပေါ်ခံစားနေကြရတယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့ဆောင်ပုဒ်ဖြစ်တဲ့ “ Empowering the Next Generation” မှာ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေက မျိုးဆက်သစ်တွေကို အားမာန်ဖြစ်စေဖို့ ရည်ရွယ်ထားပေမယ့် မြန်မာရှိ လူငယ်တွေက နွေဦးတော်လှန်ရေးအောင်မြင်စေဖို့ အသက်ကိုပဓာနမထားဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိအောင် စစ်အာဏာရှင်ကို တော်လှန်နေကြရတယ်လို့ ရေးသားထားပါတယ်။
NLD အနေနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရရှိနေထိုင်ရေးအတွက်သာမက ငြိမ်းချမ်းသာယာရေးဆီသို့ ဦးတည်တဲ့ ရပိုင်ခွင့်မူလအခွင့်အရေးတွေဖြစ်တာနဲ့အညီ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။