CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက်
ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။
ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ယုံကြည်မှုနှင့် စီးပွားရေး၊ ပထဝီနိုင်ငံရေးနှင့် ပြည်တွင်းရေး အောင်မြင်မှုများအတွက် အထိန်းအကွပ်မဲ့သော အမေရိကန်အင်အားကို အသုံးပြုလိုသည့် ဆန္ဒတို့ကို လျှို့ဝှက် ထားခြင်းမရှိပေ။ သူ၏ မူဝါဒများသည် ထိပ်တိုက်ရင်ဆိုင်မှုနှင့် အငြင်းပွားမှုများကို အရှိန်မြှင့်ခြင်းအပေါ် တည်ဆောက်ထားသည့် သူ၏ ပုဂ္ဂိုလ်ရေး အမှတ်တံဆိပ် (Personal Brand) ကို ချဲ့ထွင်ထားခြင်းပင် ဖြစ်သည်။
သို့သော် ပိုမိုရှုပ်ထွေးလာသည့် နိုင်ငံတကာအခြေအနေနှင့် တိုးပွားလာသည့် ပြည်တွင်း မငြိမ်မသက်မှုများက သမ္မတ၏ အကျပ်ကိုင်ခြင်းနှင့် တင်းမာမှု မြှင့်တင်ခြင်း နည်းလမ်းများ သည် ကန့်သတ်ချက်များ ရှိနေကြောင်းနှင့် ၎င်းသည် သူ့ကို နိုင်ငံရေးအရ ထိခိုက်နစ်နာစေမည့် ထောင့်ပိတ် အခြေအနေများသို့ ဆွဲခေါ်သွားနိုင်ကြောင်း ညွှန်ပြနေသည်။
အီရန်စစ်ပွဲသည် ထရမ့်၏ ချဉ်းကပ်ပုံအတွက် အကြီးမားဆုံးသော စမ်းသပ်ချက် ဖြစ်နေ ခဲ့သည်။
ယခင်သမ္မတများက ရှောင်ရှားခဲ့သည့် အီရန်၏ စစ်ရေး၊ နျူကလီးယားနှင့် ဒေသတွင်း ရည်မှန်းချက်များကို ထိုးစစ်ဆင်ရန် သူ၏ ဆုံးဖြတ်ချက်သည် သူ၏ ပင်ကိုယ်ဗီဇကို ဖော်ပြနေခြင်း ဖြစ်နိုင်သည်။ သို့သော် ထရမ့်၏ တောင်းဆိုချက်များကို အညံခံရန် တီဟီရန် (Tehran) ၏ ငြင်းဆန်မှုသည် အမေရိကန်၏ အင်အားနှင့် သူ၏ အာဏာတွင် ကန့်သတ်ချက် များ ရှိနေသည်ကို စတင်ဖော်ထုတ်ပြသနေပြီ ဖြစ်သည်။
၎င်းသည် သမ္မတကို ခက်ခဲသော ရွေးချယ်မှုများရှေ့ ရောက်ရှိစေခဲ့သည်။ အီရန်က သူ၏ တောင်းဆိုချက်များကို လိုက်နာလာစေရန် ပဋိပက္ခကို အရှိန်မြှင့်နိုင်သော်လည်း ၎င်းသည် အမေရိကန်ဘက်မှ ထိခိုက်ကျဆုံးမှုများကို တိုးပွားစေပြီး ပြင်းထန်သော စီးပွားရေး တုံ့ပြန်မှု များကို ဖြစ်ပေါ်စေနိုင်သည်။ သူသည် အောင်ပွဲရပြီဟု ကြေညာပြီး ဆုတ်ခွာသွားနိုင် သော်လည်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ ထိန်းချုပ်မှုနှင့် သန့်စင်ပြီး ယူရေနီယံ လက်ကျန်များကို ထိန်းသိမ်းထားနိုင်မှုတို့က ထိုသို့သော အောင်ပွဲခံပြောဆိုချက်သည် လိမ်ညာမှုကို ဖြစ်စေလိမ့်မည်ဖြစ်သည်။
ဤထောင်ချောက်မှ လွတ်မြောက်ရန်အတွက် ထရမ့်သည် အမေရိကန် စစ်အင်အားကို အသုံးပြုပြီး တစ်ဖက်မှ ပြန်လည်တိုက်ခိုက်နေသည့် ရန်သူကို အလျှော့မပေးဘဲ တွဲဖက် လုပ်ဆောင်သည့် လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ သူ၏ ဟော်မုဇ်ရေလက်ကြားအပေါ် ပိတ်ဆို့မှုအသစ်သည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်အပေါ် ပြင်းထန်သော ရိုက်ခတ်မှု များ ရှိနိုင်သော်လည်း အီရန်၏ စီးပွားရေးကို ချုပ်ကိုင်ရန် ကြိုးပမ်းချက်ပင် ဖြစ်သည်။
အီရန်အရေးတွင် အဆုံးသတ်နိုင်ရန်နည်းလမ်းတစ်ခု ရှာဖွေခြင်းသည် သမ္မတအတွက် အရေးကြီးဆုံး အကျပ်အတည်း ဖြစ်သည်။ သို့သော် သူ၏ မတည်ငြိမ်သော စစ်ပွဲဦးဆောင်မှု ပုံစံကို အခြားသော အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွင် ကြိုတင်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သူသည် မိမိတို့ သဘောမတူဘဲ ကြိုတင်အသိပေးခြင်းလည်း မခံရသည့် စစ်ပွဲတစ်ခုအတွင်း သို့ နေတိုး (NATO) ပါဝင်လာရန်သူ၏ မဟာမိတ်များကို အတင်းအကျပ် မလုပ်ဆောင်နိုင် ခဲ့ပေ။ မဟာမိတ်အဖွဲ့မှ နုတ်ထွက်မည်ဟူသော သူ၏ ခြိမ်းခြောက်မှုများပင်လျှင် နိုင်ငံများကို ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားဟု ယူဆထားသောအရာများမှ စွန့်ခွာရန် မစည်းရုံးနိုင်ခဲ့ပါ။ ၎င်းတို့၏ ပါဝင်မှုမရှိခြင်းက ယခင်စစ်ပွဲများတွင် အမေရိကန် အမြဲအားကိုးခဲ့ရသည့် ရွေးချယ် စရာ နည်းလမ်းများကို ဆုံးရှုံးစေခဲ့သည်။
ကုန်သွယ်ရေးဖက်များကို အခွန်စစ်ပွဲဖြင့် တိုက်ခိုက်ပြီး သဘောတူညီချက်အချို့ ရယူနိုင်ခဲ့ သည့် အခြေအနေမျိုးတွင် ထရမ့်၏ ကြမ်းတမ်းသော ချဉ်းကပ်ပုံက အလုပ်ဖြစ်နိုင်သည်။ သို့သော် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံက အရေးကြီးသည့် မြေရှား ဒြပ်စင် (Rare Earths) တင်ပို့မှုများကို ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ကာ ပြန်လည်တုံ့ပြန် ခဲ့သည်။ ပေကျင်းသည် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ခြေကို အသုံးချကာ ကမ္ဘာ့ဈေးကွက်ကို လှုပ်ခတ်စေပြီး ထရမ့်ကို နောက်ဆုတ်သွားအောင် လုပ်ဆောင်ခဲ့သည်။
အီရန်သည် ထိုဖြစ်ရပ်မှတစ်ဆင့် အမေရိကန်သည် ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှုများအပေါ် အားနည်းချက်ရှိကြောင်း သင်ခန်းစာရသွားပုံရပြီး ရေလက်ကြားကို ပိတ်ဆို့ကာ အမေရိကန် ကို တိုက်ခိုက်မှုတွင် တာဝန်ရှိသူအဖြစ်ရောက်ရှိစေရန် အစွမ်းကုန် ကြိုးစားနေသည်။
ထရမ့်၏ အာဏာများ လျော့ပါးလာသည်ဟူသော ခံစားချက်သည် အီရန်အကျပ်အတည်း ထက် ပိုမိုကျယ်ပြန့်သည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orbán) ကို ထောက်ခံရန် သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကို အသုံးချခဲ့သော်လည်း သူ၏ နိုင်ငံရေး ဆွဲဆောင်မှုမှာ ကန့်သတ်ချက်ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ မဲဆန္ဒရှင်များက အာဏာရှင်ကို ငြင်းပယ်လိုက်သဖြင့် ထိုကြိုးပမ်းမှုသည် တနင်္ဂနွေနေ့တွင် ကျဆုံးခဲ့ရပြီး ဥရောပကို MAGA အဖြစ် ပြောင်းလဲမည့် ထရမ့်၏ စီမံကိန်းကို ထိခိုက်စေခဲ့သည်။
ဟန်ဂေရီ ခေါင်းဆောင်ကဲ့သို့ပင် ထရမ့်၏ ပြည်တွင်းမူဝါဒအချို့သည် ပြန်လည်တုံ့ပြန်မှု များကို ကြုံတွေ့နေရသည်။ ယခုနှစ်အစောပိုင်းက မင်နီဆိုတာ (Minnesota) ပြည်နယ်တွင် ဖက်ဒရယ်အေးဂျင့်များ၏ လက်ချက်ဖြင့် အမေရိကန်နိုင်ငံသား နှစ်ဦး အသတ်ခံရပြီးနောက်၊ လူထုသဘောထားက သူ့ကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးသည့် အစီအစဉ်မှ နောက်ဆုတ်ရန် ဖိအားပေးခဲ့သည်။ ထို့ပြင် နိုင်ငံရေးရန်သူများကို အပြစ်ပေးရန် ဥပဒေကို အသုံးပြုရန် ကြိုးပမ်းမှုအများစု ကျရှုံးခြင်း (၎င်းက ရှေ့နေချုပ် ပန်းဘွန်ဒီ(Pam Bondi) ကို ရာထူးမှ ထုတ်ပယ်ရန် အစပျိုးခဲ့သည်) က အနည်းဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်အချို့က သူ့(သမတ)ကို ထိန်းကျောင်းနေဆဲဖြစ်ကြောင်း ပြသနေသည်။
အီရန်စစ်ပွဲကို ဗြောင်ကျကျ ကန့်ကွက်မှုကြောင့် သမ္မတကို ဒေါသထွက်စေခဲ့သည့် အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ကပင်လျှင် တနင်္လာနေ့တွင် “ ကျွန်ုပ်သည် ထရမ့်အစိုးရကို မကြောက်ပါ” ဟု ပြောကြားခဲ့သည်။
ထရမ့်က သူ၏အာဏာသည် အကန့်အသတ်မရှိဟု ဘာကြောင့် ယုံကြည်နေသနည်း
မိမိတွင် စိန်ခေါ်မှုမရှိသောကြောင့်သူ့တွင် အာဏာရှိသည်ဟူသော သူ၏ ယုံကြည်ချက်ကို ထရမ့်က ဖုံးကွယ်ထားခြင်း မရှိပေ။ “ ကျွန်တော့်မှာ ကျွန်တော်လုပ်ချင်တာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်က အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတပဲ” ဟု ထရမ့်က ပြီးခဲ့သည့် သြဂုတ်လတွင် ပြောကြားခဲ့သည်။ သူသည် ယခုနှစ်အတွင်း New York Times သို့ ပြောကြားရာတွင်လည်း ပြည်ပတွင် သူလုပ်ဆောင်မှုများကို တားဆီးနိုင်သည့် တစ်ခုတည်း သောအရာမှာ “ ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ကျင့်တရား” သာ ဖြစ်သည်ဟု ဆိုခဲ့သည်။
ထိုယုံကြည်ချက်သည် ခြောက်ပတ်ကြာနေပြီဖြစ်သော စစ်ပွဲကို မစတင်မီတွင် ကွန်ဂရက်လွှတ်တော်၏ သဘောထားကို မရယူခြင်း သို့မဟုတ် စစ်ပွဲအတွက် နိုင်ငံကို ကြိုတင်ပြင်ဆင်မှု မလုပ်ဆောင်ခြင်းတို့တွင် ထင်ဟပ်နေသည်။
အိမ်ဖြူတော် တာဝန်ရှိသူများကို အီရန်နှင့် ပတ်သက်သည့် နောက်ထပ် လုပ်ဆောင်ချက်များ ကို မေးမြန်းသည့်အခါ “ သမ္မတတစ်ဦးတည်းသာ… သူဘာလုပ်မလဲဆိုတာ သိလိမ့်မယ်” ဟူသော ဖြေကြားချက်မျိုးကို မကြာခဏ ရရှိလေ့ရှိပြီး၊ ၎င်းသည် သမ္မတနိုင်ငံစနစ်၏ အာဏာခွဲဝေကျင့်သုံးမှု မူဝါဒများကို ငြင်းပယ်သည့် လမ်းကြောင်းကို မီးမောင်းထိုးပြနေ ခဲ့သည်။
ထရမ့်၏ ဒုတိယသက်တမ်းကို ထောက်ကူထားသည့် အင်အားနှင့် တင်းမာမှုမြှင့်တင်ရေး ဝါဒကို အိမ်ဖြူတော် ဒုတိယအမှုဆောင်အရာရှိချုပ် စတီဖင် မေလာ (Stephen Miller) က အကောင်းဆုံး ဖော်ပြခဲ့သည်။
ဗင်နီဇွဲလား အာဏာရှင် နီကိုလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးနိုင်မှုအပေါ် အိမ်ဖြူတော်က ပျော်မြူးနေစဉ် ဇန်နဝါရီလအတွင်း Miller က CNN ၏ Jake Tapper ကို ပြောကြားရာတွင် “ ကျွန်တော်တို့ ရှင်သန်နေတဲ့ ကမ္ဘာကြီး၊ တကယ့်လက်တွေ့ကမ္ဘာကြီးဟာ… အင်အားနဲ့ အုပ်ချုပ်တာ၊ အကြမ်းဖက်မှုနဲ့ အုပ်ချုပ်တာ၊ အာဏာနဲ့ အုပ်ချုပ်တာပါ” ဟု ဆိုခဲ့သည်။
ထရမ့်၏ လွှမ်းမိုးမှုဗျူဟာများသည် သူ၏ သမ္မတသက်တမ်း အစောပိုင်းကာလများတွင် ပိုမိုအလုပ်ဖြစ်ခဲ့ပုံရသည်။ သူသည် ရီပတ်ဘလစ်ကန်ပါတီကို သူ၏ ဆန္ဒအတိုင်း ဆောင်ရွက် မည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး၊ လူထုထောက်ခံမှုနှုန်း ကျဆင်းနေ သော်လည်း ပါတီသည် သူ၏ စိတ်ရူးပေါက်မှုများကို ကန့်သတ်ရန် ဆန္ဒမရှိခဲ့ပေ။
ဇန်နဝါရီလတွင် မာဒူရိုကို သူ၏နေအိမ်မှ ဖမ်းဆီးခဲ့သည့် အထူးတပ်ဖွဲ့ဝင်များ၏ စီးနင်းမှုသည် ထရမ့်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် အနောက်ကမ္ဘာခြမ်းကို လွှမ်းမိုးမည့် သူ၏ “ ဒွန်ရိုး ဝါဒ” (Donroe Doctrine) အရ သူသည် အာဂျင်တီးနားနှင့် ဟွန်ဒူးရပ်စ် နိုင်ငံများရှိ သူနှင့် သဘောထားချင်းတိုက်ဆိုင်သည့် ခေါင်းဆောင်များ ရွေးကောက်ပွဲတွင် အနိုင်ရစေရန် သူ၏ နိုင်ငံရေးသြဇာကို အသုံးပြုခဲ့သည်။
အီရန်က ထရမ့်၏ အစွမ်းထက်မှု ပုံရိပ်ကို မည်သို့ ရိုက်ချိုးနေသနည်း
သို့သော် ထရမ့်၏ ကံတရားသည် အီရန်တွင် စတင်ကုန်ဆုံးလာပုံရသည်။
စစ်ပွဲသည် ၂၁ ရာစု အမေရိကန် ပဋိပက္ခများတွင် တွေ့နေကျအတိုင်း ဖျက်ဆီးမှုအရှိန် အဟုန်ဖြင့် စတင်ခဲ့သော်လည်း၊ များမကြာမီမှာပင် လေကြောင်းအင်အား အသာစီးရရုံမျှဖြင့် ပြတ်သားသော အောင်ပွဲ သို့မဟုတ် အစိုးရအပြောင်းအလဲကို မဖန်တီးနိုင်ဘူးဟူသော သမိုင်းသင်ခန်းစာကို ပြန်လည်ပေါ်လွင်စေခဲ့သည်။
ထရမ့်၏ ရေလက်ကြားပိတ်ဆို့မှုကို ကြည့်မည်ဆိုပါက ညှိနှိုင်းအဖြေရှာနိုင်မည့် အလား အလာများ တိုးတက်လာစေရန် အီရန်အပေါ် မိမိနှင့် အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းချက်အဖြစ် ရှုမြင်နိုင်သည်။ အီရန်၏ ရေနံဝင်ငွေနှင့် တင်သွင်းမှု များကို ဖြတ်တောက်လိုက်ခြင်းက ၎င်း၏ စီးပွားရေးကို ပြိုလဲသွားစေနိုင်သည်။ ထိုအခါမှသာ အီရန်သည် ထရမ့်၏ စည်းကမ်းချက်များအတိုင်း ငြိမ်းချမ်းရေးအတွက် တောင်းဆိုလာရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ဤစစ်ပွဲ၏ သင်ခန်းစာတစ်ခုမှာ အီရန်ခေါင်းဆောင်များသည် ၎င်းတို့၏ တည်ရှိမှုအတွက် တိုက်ပွဲဝင်နေသည်ဟု ယုံကြည်ထားကြပြီး ၎င်းတို့၏ ပြည်သူများကို အဆုံးစွန်သော ဆင်းရဲဒုက္ခများ ပေးဆပ်ရန် အသင့်ရှိနေကြခြင်းဖြစ်သည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှစ်တွင် ရေနံနှင့် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်မှုနှင့် ငွေဖောင်းပွမှု ဒဏ်တို့ကို နိုင်ငံရေးအရ ခံနိုင်ရည် သည်းခံနိုင်စွမ်း ထရမ့်တွင် မရှိဟု ၎င်းတို့က လောင်းကြေး ထပ်ထားပုံရသည်။ ပိတ်ဆို့မှုကြောင့် အီရန် ဒူးထောက်လာစေရန် လပေါင်းများစွာ ကြာနိုင်ပြီး၊ အချိန်ဟူသည်မှာ ရီပတ်ဘလစ်ကန် ကွန်ဂရက်အမတ်လောင်းများအတွက် တောင့်ခံနိုင်မှု မရှိသည့် အရာပင် ဖြစ်သည်။
အလားတူပင် ဥရောပတွင်လည်း ရလဒ်များကို စိတ်ကြိုက်မပြောင်းလဲနိုင်သည့် အခြေအနေ များ ဖြစ်ပေါ်နေသည်။
၁၆ နှစ်ကြာ အော်ဘန်၏ အမျိုးသားရေးဝါဒီ အုပ်ချုပ်မှု အဆုံးသတ်သွားခြင်းသည် လူဝင်မှု ကြီးကြပ်ရေးနှင့် သတင်းမီဒီယာများကို နှိမ်နင်းခဲ့ပြီး စီးပွားရေးလုပ်ငန်းကြီးများနှင့် ဥပဒေကို နိုင်ငံရေးအရ အသုံးချခဲ့သည့် MAGA လှုပ်ရှားမှု၏ စံပြပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ သူ ထွက်ခွာသွားခြင်းသည် ထရမ့် မနှစ်သက်သော ဥရောပသမဂ္ဂ (EU) အတွင်းရှိ သူ၏မဟာမိတ်တစ်ဦးကို ထရမ့်အစိုးရက ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။ ၎င်းသည် မဲဆန္ဒရှင်များကို အော်ဘန်ဘက်က ရပ်တည်ရန် သွားရောက်မဲဆွယ်ပေးခဲ့သည့် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) အတွက်လည်း အရှက်ကွဲသွားစေသည့်ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
ငြင်းပယ်၍မရနိုင်လောက်အောင် ကြီးမားသော ရွေးကောက်ပွဲ ရှုံးနိမ့်မှုဖြင့် လူထုအမြောက် အမြားက ပေါ်ပြူလစ်ဝါဒ (Populism) နှင့် အမျိုးသားရေးဝါဒတို့ကို ငြင်းပယ်လိုက်သည့် မြင်ကွင်းသည် အိမ်ဖြူတော်ကို စိုးရိမ်စေနိုင်သည်။
သို့သော် အမေရိကန် ဒီမိုကရက်များအတွက်လည်း သင်ခန်းစာများ ရှိနေသည်။ တနင်္ဂနွေနေ့၏ ရလဒ်သည် လက်ဝဲယိမ်း တိုးတက်သော တန်ဖိုးထားမှုများ၏ အောင်ပွဲဟု ပြောရန်ခက်ခဲသည်။ အနိုင်ရသူ ပီတာမဂျာ (Péter Magyar) သည် ယခင်က အော်ဘန်၏ လူယုံဖြစ်ခဲ့သည့် အလယ်အလတ် လက်ယာယိမ်း ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကယ်၍ သူသည် ဥရောပ ဒီမိုကရေစီခေါင်းဆောင်များ ကြုံတွေ့ရလေ့ရှိသည့် ကျိန်စာကို မကျော်လွှား နိုင်ဘဲ ကျဆင်းနေသော စီးပွားရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို မပြင်ဆင်နိုင်ပါက ပေါ်ပြူလစ်ဝါဒသည် အားကောင်းသော အင်အားတစ်ခုအဖြစ် ဆက်ရှိနေဦးမည် ဖြစ်သည်။
ပိုမိုကျယ်ပြန့်သော အမြင်အရ အော်ဘန်၏ ကျဆုံးမှုသည် အာဏာရှင်ဆန်သော ခေါင်းဆောင် မှု အပေါ် ယုံကြည်ကိုးကွယ်မှုသည် အနည်းဆုံး ဒီမိုကရေစီရှိနေသေးသည့် လူ့အဖွဲ့အစည်း ထဲတွင် အားကောင်းသော နိုင်ငံရေး လှိုင်းတံပိုးများနှင့် အာဏာရ ခေါင်းဆောင်ကို ဖြုတ်ချ နိုင်စွမ်းရှိပြီး ထိုအာဏာရှင်ဆန်သောခေါင်းဆောင်များ ကြုံတွေ့ရလေ့ရှိသည့် ကျိန်စာသည် အချိန်အကန့်အသတ်မရှိကျော်လွှားနိုင်ခြင်းမရှိကြောင်း ညွှန်ပြခဲ့သည်။
မိမိတွင် အထိန်းအကွပ်မဲ့သော အာဏာရှိသည်ဟူသော ထရမ့်၏ ယုံကြည်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် အမေရိကန် နိုင်ငံရေးအစဉ်အလာအပေါ်တွင် မည်သည့် အခါကမျှ အခြေမခံခဲ့ပေ။ ဒုတိယသက်တမ်း သမ္မတများတွင် မလွဲမသွေ ကြုံတွေ့ရလေ့ ရှိသည့် အာဏာယုတ်လျော့မှုများသည် အီရန်က သူ၏ အာဏာရှင်ပုံရိပ်ကို ပြင်ပမှ စိန်ခေါ် နေချိန်တွင် သူ့ကို ပိုမိုအားနည်းသွားစေနိုင်သည်။
သို့သော် ၎င်းသည် အခြားသော ခက်ခဲသည့် မေးခွန်းတစ်ခုဆီသို့ ဦးတည်သွားစေပါသည် – သူ၏ အာဏာများ လျော့ပါးမသွားကြောင်း သက်သေပြရန်အတွက် သူ နောက်ထပ် ဘာများ လုပ်ဆောင်လာနိုင်ဦးမည်ဆိုတာပဲဖြစ်ပါသည်။

ဧပြီလ ၁၀ ရက်နေ့က မေရီလန်းပြည်နယ်၊ Joint Base Andrews အခြေစိုက်စခန်းတွင် သမ္မတ ဒေါ်နယ်ထရမ့် အဲဖော့စ်ဝမ်း (Air Force One) လေယာဉ်ပေါ်မတက်မီ သတင်းထောက်များကို စကားပြောကြားနေစဉ်။ (ဓာတ်ပုံ – Win McNamee/Getty Images)

ဧပြီလ ၁၂ ရက်နေ့က အိုမန်နိုင်ငံ၊ Musandam ခရိုင်ကမ်းလွန်ရှိ ဟော်မုဇ်ရေလက်ကြားတွင် တွေ့ရသည့် သင်္ဘောတစ်စီး။ (ဓာတ်ပုံ – Stringer/Reuters)

ဧပြီလ ၁၂ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ – Matt McClain/Getty Images)

ဧပြီလ ၁၂ ရက်နေ့က ဟန်ဂေရီအထွေထွေရွေးကောက်ပွဲအတွင်း ဘူဒါပတ်စ်မြို့၌ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ထောက်ခံသူများကို နှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ – Attila Kisbenedek/AFP/Getty Images)

အမေရိကန်ဒုသမတဂျေဒီဗန့်စ် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ပြန်အရွေးခံရရန် ဟန်ဂေရီသို့ သွားရောက်မဲဆွယ်ပေးနေစဥ်။ (ပုံ)







