စစ်ကောင်စီရဲ့ အကြီးမားဆုံး ဝင်ငွေအရင်းအမြစ်တစ်ရပ်အဖြစ် အွန်လိုင်းလိမ်လည်မှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ NUG ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက လူကုန်ကူးမှု၊ ငွေကြးလိမ်လည်မှု၊ နိုင်ငံဖြတ်တော် ရာဇဝတ်မှုခင်းတွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလာတာပါ။
စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ရဲတပ်ဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရာဇဝတ် အမှုအခင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း သိသိသာသာ လျော့နည်းလာတယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဟာ သူတို့ရဲ့ ရာဇဝတ်လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခဲ့ပြီး အခုအကျပ်အတည်းတွေ ဖြစ်ပွားစေတဲ့ အဓိက အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
NUG အနေနဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိက ဆောင်ရွက်ကျူးလွန်သူအဖြစ် ရှုတ်ချပြီး ၎င်းတို့ရရှိထားတဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို ဖော်ထုတ်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။
အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် NUG ရဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးဆိုင်ရာ ကြားကာလကော်မတီတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ လက်အောက်ရှိ ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့ နိုင်ငံတကာက ပူးပေါင်းမှုတွေကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။