၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။
ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဆောင်ရွက်နေတဲ့ “ ၁၀၂၇ စစ်ဆင်ရေး” မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပါဝင်တိုက်ခိုက်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ KNDF ရဲ့ တပ်ရင်းအမှတ်(၆၀၆)က ပူးပေါင်းပါဝင်ကာ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့က ဦးဆောင်ပြီး အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ခဲ့တဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ကို KNDF အနေနဲ့ ထောက်ခံကြိုဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။
အခုအချိန်မှာ စစ်ဆင်ရေးတွေထဲ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နေပြီး စစ်ရေးရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ KNDF က ပြောဆိုထားပါတယ်။
ရှမ်းမြောက်က ဒေသတွေမှာ စစ်ရေးဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” (၇)ရက်မြောက်တဲ့အချိန်မှာ စစ်ကောင်စီတပ်စခန်း (၁၀၀)နီးပါးအထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။