၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။
တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။
နိုဝင်ဘာလ (၅) ရက်နေ့က ရန်ကုန်၊ ဗဟန်းမြို့ရှိ ပြန်ကြားရေးရုံးမှာ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ချိန်မှာ အခုလို ညှိနှိုင်းဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အနုပညာရှင်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံ စာတွေရေးသားပေးပို့တာ၊ သဝဏ်လွှာတွေ ပေးပို့တာ၊ ကူညီထောက်ပံ့တာတွေ ပြုလုပ်ဖို့ ညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အဆင်ပြေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေတာတွေ ဆောင်ရွက်ဖို့ စစ်ကောင်စီဝန်ကြီးက ညှိနှိုင်းပြောဆိုခဲ့ပါတယ်။
ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေက “ ၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်နေကာ စစ်ကောင်စီဘက်က အထိနာနေပြီး စခန်းပေါင်း (၁၂၀)ကျော် တိုက်ခိုက်သိမ်းပိုက်ခံထားရတယ်လို့ သတင်းတွေအရ သိရပါတယ်။