၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။
စစ်ကောင်စီရဲ့ ချင်းရွှေဟော်က လူဝင်မှုကြီးကြပ်ရေးရုံးဝန်ထမ်းတွေ မိသားစုဝင်တွေခေါ်ပြီး ဒုက္ခသည်ဟန်ဆောင်ကာ လောက်ကိုင်က ထွက်ပြေးချိန် ဖမ်းမိခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာလ (၂၇)ရက်က စစ်ကောင်စီရဲ့ ချင်းရွှေဟော် လူဝင်မှုကြီးကြပ်ရေးရုံးက တာဝန်ခံတစ်ဦးနဲ့ ဒုတာဝန်ခံ (၃) ဦးတို့ဟာ မိသားစုအပါအဝင် (၇) ဦးနဲ့အတူ ဒုက္ခသည်ဟန်ဆောင်ကာ အောက်ပြည်ကို ထွက်ပြေးဖို့ ကြံရွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်ဟန်ဆောင်ပြီးထွက်ပြေးတဲ့ လဝကဝန်ထမ်းနဲ့ မိသားစုဝင်တွေဟာ ချင်းရွှေဟော်စစ်ဆေးရေးဂိတ် ဖြစ်သန်းတဲ့အချိန်မှာ MNDAA အရာရှိတစ်ဦးက တွေ့မြင်သိရှိခဲ့ပြီး ချက်ချင်းဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းမိခဲ့တဲ့ လဝကဝန်ထမ်းနဲ့ မိသားစုဝင်တွေဟာ တရုတ်ပြည်ထဲ ဝင်ရောက်တိမ်းရှောင်ခဲ့ပြီး ကိုးကန့်ဒေသ (၁၂၅) နယ်စပ်ဂိတ်ပေါက်က ထွက်လာပြီး လောက်ကိုင်ဒေသကို ပြန်လည်ရောက်ရှိခဲ့တာလို့ ရေးသားထားပါတယ်။
လဝကဝန်ထမ်း တာဝန်ခံ စိုးသက်ချမ်းရဲ့ ဇနီးဖြစ်သူဟာ ချင်းရွှေဟော်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့နေ့မှာ သေဆုံးခဲ့တာဖြစ်ပြီး ဖမ်းမိခဲ့သူတွေကို MNDAA က တစ်ညချုပ်နှောင်ခဲ့ကာ နိုဝင်ဘာ (၂၈)ရက် နံနက်ပိုင်းအချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စိုးသက်ချမ်းနဲ့အဖွဲ့ကို နောက်နောင် စစ်ကောင်စီတပ်ဖွဲ့မှာ ဆက်လက်တာဝန်မထမ်းဆောင်ဖို့နဲ့ MNDAA နဲ့ တိုင်းရင်းသားအသီးသီးတို့ရဲ့ အကျိုးတွေ ထိခိုက်စေနိုင်တဲ့ အလုပ်မလုပ်စေဖို့အပြင် တွေ့ရှိပါက ပြင်းထန်စွာအရေးယူမယ်လို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။