၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။
နမ့်ဆန်မြို့နဲ့ လားရှိုးမြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထပ်မံရှင်းလင်းသိမ်းပိုက်ရရှိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်က နမ့်ဆန်မြို့၊ နမ့်ခေးကျေးရွာရှိ စစ်ကောင်စီရဲ့ ကဒိုင်းဖူးတောင်တပ်စခန်းကို TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ 60/80MM လက်နက်ကြီးအပါအဝင်၊ လက်နက် (၁၉)လက်၊ ကျည်မျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့ နံနက် (၅)နာရီဝန်းကျင်ကလည်း နမ့်ဆန်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ ပတ္တမြားစေတီ(ကောင်းမှုဆိုင်စခန်း)ကို ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ TNLA က ထပ်မံပြောဆိုထားပါတယ်။
ဒါ့ပြင် လားရှိုးမြို့၊ အီနိုင်းကျေးရွာက စစ်ကောင်စီကင်းစခန်းကို ဒီကနေ့ နံနက် (၃)နာရီခွဲအချိန်က တအာင်းတပ်မတော် (TNLA) က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နမ့်ခမ်းမြို့က စစ်ကောင်စီစခန်းသစ်ကုန်းဘက်ကို မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၄)ကြိမ်ပစ်ခတ်ခဲ့သလို ဒီကနေ့ နံနက် (၉)နာရီခွဲခန့်မှာလည်း ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံးနဲ့ ထပ်မံလာရောက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။