၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။
ဒီဇင်ဘာလ (၃၁)ရက် ည (၁၁)နာရီ (၄၅)မိနစ်အချိန်က စစ်ကောင်စီရဲ့ မိုင်းငေါ့မြို့တပ်စခန်း ဗျူဟာကုန်းအပါအဝင်၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုင်းငေါ့မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ ဒီဇင်ဘာလ (၂၉)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ (၃)ရက်အကြာမှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းငေါ့မြို့က စစ်ကောင်စီတပ်စခန်းဟာ တပ်မ-၁၀၁ လက်အောက်ခံ ခလရ(၂၅၃)၊ ခလရ(၂၃၅)တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားတဲ့ တပ်ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၄)ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စခန်းသိမ်းတိုက်ပွဲမှာ (၃)ရက်အတွင်း ဗုံးကြဲချမှု အကြိမ်ပေါင်း (၁၀၃)ကြိမ်ရှိကာ လက်နက်ကြီးပစ်ခတ်မှု (၄၅)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဒေသခံ(၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲကာလထဲ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ TNLA ရဲ့ ဆဌမမြောက်မြို့အနေနဲ့ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။