ဇန်နဝါရီလ (၈)ရက်။
စစ်ကောင်စီရဲ့ ရှုံးမဲမဲကာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတဲ့အရေအတွက် ပိုမိုများပြားလာနေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။
နှစ်ဆန်းအစောပိုင်းကစပြီး စစ်ဘောင်ကျယ်လာတာနဲ့အမျှ စစ်မျက်နှာအသီးသီးမှာ ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း အားနည်းလာတဲ့ စစ်ကောင်စီအဖို့ မြေပြင်ထောက်ပို့တွေကိုလည်း ဖြည့်တင်းနိုင်စွမ်းမရှိတော့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အခုအချိန်မှာ လက်နက်အင်အားနဲ့ စစ်သည်အင်အားပါ ပိုမိုပြုန်းတီးလာနေကာ ရှုံးမဲမဲပြီး စစ်ရာဇဝတ်မှုကျူးလွန်တာတွေကြောင့် နိုင်ငံတစ်ဝှမ်းက အပြစ်မဲ့အရပ်သား ထိခိုက်သေဆုံးတာ ပိုမိုများပြားလာနေတာလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ရခိုင်ဒေသထဲ စစ်ကောင်စီရဲ့ အများပြည်သူသွားလာတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်တာတွေကြောင့် ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေဟာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်နေတယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။
မနေ့က မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၃၇၇)တပ်ရင်းနဲ့ အမှတ်(၃၁)ရဲတပ်ရင်းရဲ့ အနီးကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ပုရိမ်ရွာက (၁၄)နှစ်အရွယ် မွတ်ဆလင်ကျောင်းသားတစ်ဦးနဲ့ ချောင်းသစ်ရွာက ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အလားတူ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ခါမ်းပတ်မြို့က ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၃)နှစ်အရွယ် ကလေးငယ် (၃)ဦးအပါအဝင် ဒေသခံ (၁၁)ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။