ဇန်နဝါရီလ (၁၂) ရက်။
ဇန်နဝါရီလ (၁၁)ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲရှိ ကျေးရွာ (၃)ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာက ပျူစောထီးအထိုင်စခန်းကို ပကဖတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား (၁၃)ခန့်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ (၃)ရွာဟာ ကိုးမြို့ရွာ၊ တောင့်တည်းကုန်းရွာနဲ့ သရက်ခေါင်းရွာတို့ဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဟာ နံနက်(၇)နာရီခွဲမှ ကန့်ဘလူ (၆၀၀၆)တင့်ကားတပ်ရင်းကနေ သံချပ်ကာကား (၄)စီးနဲ့ တင်ငုတ်ကြီးရွာကို အင်အားဖြည့်တင်းလာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် တင်ငုတ်ကြီးရွာကို ရောက်ရှိခဲ့ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းခွဲကာ နံနက်(၁၁)နာရီခွဲမှာ တောင်တည်းကုန်းရွာကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် နောက်ထပ်စစ်ကြောင်းတစ်ကြောင်းဟာ နေ့လယ်(၁၂)နာရီခွဲမှာ ကိုးမြို့ရွာကို မီးရှို့ဖျက်ဆီးခဲ့သလို နေ့လယ်(၂)နာရီဝန်းကျင်မှာ သရက်ခေါင်းရွာကို ထပ်မံပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“ အခုမီးရှို့ခံရတဲ့ ရွာ(၃)ရွာက တင်ငုတ်ကြီးနဲ့နီးတယ်။ တင်ငုတ်ကြီးပျူရွာကို တော်လှန်ရေးအဖွဲ့တွေကတိုက်တော့ သူတို့ဘက် အကျများသလို လက်နက်တွေပါပေးရတော့ မကျေနပ်လို့ စစ်ကြောင်းထိုးလာပြီး အကြမ်းဖက်မီးရှို့ပြတာ၊ ရှုံးမဲမဲတာ” လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ တောင်တည်းကုန်းရွာနဲ့ ကိုးမြို့ရွာတို့က ပြည်သူပိုင်နေအိမ် ဘယ်လောက်ပျက်ဆီးဆုံးရှုံးခဲ့တယ်ဆိုတာကို မသိရသေးပေမယ့် သရက်ခေါင်းရွာက ပြည်သူပိုင်နေအိမ် (၃၁)လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာတွေကြောင့် ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့(အမြဲစစ်ရှောင်)၊ တောင့်တည်းကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်းနဲ့ ဘိုတည်းကုန် စတဲ့ရွာ (၉)ရွာက ဒေသခံ (၁၀၀၀၀)ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။