ဇန်နဝါရီလ (၂၀)ရက်။
NUG ရဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(EOCC)က အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ မြို့နယ်အဆင့် အရေးပေါ်အခြေအနေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ဝင်တွေ ဖွဲ့စည်းပြီး လေကြောင်းရန် စောင့်ကြည့်သတိပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ညွှန်ကြားချက်တွေကို ပြည်သူလူထုထံ နားလည်လွယ်မယ့် လမ်းညွှန်ချက်အနေနဲ့ ပြင်ဆင်ပြုစုဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အရေးပေါ်ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲတာအတွက် ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း ဇန်နဝါရီလ (၁၈)ရက်နေ့က စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးအဖွဲ့ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ အရေးပေါ်ရန်ပုံငွေကနေ သုံးစွဲနိုင်မယ့် ကိစ္စရပ်တွေကို သက်ဆိုင်ရာကော်မတီတွေဆီ တင်ပြသွားဖို့နဲ့ EOCC ကို တင်ပြလာတဲ့ စီမံချက်တွေကို စီမံ/ဘဏ္ဍာလုပ်ငန်းအဖွဲ့က သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ဖို့ ဆွေးနွေးအတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို အတွင်းရေးမှူးဖြစ်သူ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနဲ့ ညှိနှိုင်းရေးမှူး ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းအပါအ၀င် သက်ဆိုင်ရာလုက်ငန်းအဖွဲ့တွေက တာ၀န်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။