မတ်လ (၁၅)ရက်။
မနေ့က ည(၈)နာရီ (၄၄)မိနစ်မှာ တောင်ငူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civillian Defense Force(MKCDF)အဖွဲ့က ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ တောင်ငူလေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်ခဲ့တာပါ။ (၃)လုံးကတော့ လေတပ်စခန်းထဲ အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ပါတယ်။ ကျန်(၂)လုံးကတော့ ပစ္စည်းချွတ်ယွင်းခဲ့ပါတယ်” လို့ BWM က ဖော်ပြထားပါတယ်။
အခုလို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာကြောင့် ဂျက်တိုက်လေယာဉ် (၂)စီး ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုတာတွေရှိပေမယ့် ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတောင်ငူလေတပ်စခန်းဟာ တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းနဲ့တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ စစ်ကောင်စီရဲ့ အဓိက လေတပ်စခန်းတစ်ခုဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့က ကရင်၊ စစ်ကိုင်း၊ ကရင်နီ၊ ရှမ်းတောင်၊ ကချင်တို့အပါအဝင် နိုင်ငံတဝှမ်းရှိ ကလေးသူငယ်ပါမကျန် ပြည်သူကို ရက်စက်နေတဲ့ စစ်ကောင်စီလေတပ်ရဲ့ ယုတ်မာမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာလို့ သိရပါတယ်။