မတ်လ (၂၆)ရက်။
မတ်လ (၂၅)ရက်နေ့ နေ့လယ်(၁)နာရီကျော်မှာ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ Lion Battalion စစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီရဲစခန်းကို KNLA လက်အောက်ခံ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion ဗျူဟာစစ်ကြောင်း၊ NMSP-AD၊ MLA၊ ဂဋ္ဌုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊ KNDO၊ စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့နဲ့ အယ်ဖာဘတ်ဒရုန်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ (၂၄)ရက်နေ့ နံနက်(၇)နာရီအချိန်က စတင်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတွေကြားကနေ အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃)ဦးဖမ်းမိခဲ့ကာ သေဆုံးတဲ့ စစ်ကောင်စီအလောင်း (၅)လောင်းနဲ့ လက်နက် (၂၇)လက် ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ရေအများအပြား စစ်ကူပစ်ခတ်ခဲ့တာကြောင့် ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး တော်လှန်ရေးရဲဘော်နှစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသလို ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီသုံ့ပန်း (၂၃)ဦးနဲ့ မိသားစုဝင် (၁၈)ဦးကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပြီး NUG ထံ စနစ်တကျ လွှဲပြောင်းပေးခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်နက်နဲ့ CDM ပြုလုပ်လိုသူတွေကို MOD နဲ့ ချိတ်ဆက်ပြီး ပြည်သူနဲ့အတူရပ်တည်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံး ဆက်သွယ်ကြဖို့နဲ့ စစ်ကောင်စီအတွက် တပ်သားစုဆောင်းတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။