ဇွန်လ (၂၀)ရက်။
အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ရှောင်ဘဝ ရောက်သွားကာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ပြည်သူ့စစ်အမည်ခံ လက်ပါးစေအဖွဲ့ဟာ ရပ်ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို ငွေညှစ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ လူသားဒိုင်းအနေနဲ့ အသုံးချတာတွေ ကျုးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို လုပ်ဆောင်နေပေမယ့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးဟာ ချိနဲ့မသွားဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင်တဲ့ စိတ်ဓါတ်နဲ့ အမှန်တရားဘက်က ပြည်သူတွေအတွက် ရပ်တည်တဲ့ ခံယူချက်တွေကြောင့် ရှေ့ဆက်ချီတက်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံပေးမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းဖို့ သမိုင်းပေးတာဝန်တွေကို စည်းလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
KNPP အနေနဲ့လဲ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး တည်ဆောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








