မေလ (၁၄)ရက်။
မနေ့က ညနေပိုင်းအချိန် ဖာပွန်တိုက်ပွဲထဲမှာ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲထဲ ကျဆုံးခဲ့တဲ့ BPLA ရဲဘော်ဟာ ရဲဘော်တင်လင်းအောင်(ခ)ပါပီလွန် (ကပအမ-BA 00777)ဖြစ်ကာ အပတ်စဉ်(၆)သင်တန်းဆင်းသူလို့ ဆိုပါတယ်။
အခုလို ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးသွားတဲ့အတွက် တပ်တော်အနေနဲ့ များစွာဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။
ကျဆုံးရဲဘော်အတွက် BPLA က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပြီး တာဝန်များကို ဇွဲလုံလစိုက်ထုတ်ကာ ထမ်းဆောင်ခဲ့တာကို တပ်တော်က အလေးအနက် ဂုဏ်ယူအသိအမှတ်ပြုတယ်လို့ ရေးသားထားပါတယ်။
ဖာပွန်မြို့က ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းမဟာမိတ်တွေက ဖိအားပေး တိုက်ခိုက်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းတွေက ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီဘက်ကလဲ စခန်းတွေမကျစေဖို့အတွက် နေ့ရောညပါ လေကြောင်းနဲ့ အသည်းအသန် ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။
ဖာပွန်မှာ KNLA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ တပ်ရင်း(၁၉)နဲ့ (၄၃၄)တို့ကို သိမ်းပိုက်ထားပြီး မြို့အနီးက တပ်ရင်း(၃၄၀)၊ (၃၄၁)၊ (၆၄၂)နဲ့ ဗျူဟာကုန်းတို့သာ ကျန်ရှိနေတယ်လို့ သိရပါတယ်။