မေလ (၂၂)ရက်။
ရန်ကုန်မြို့သိမ်းတိုက်ပွဲအတွက် Yangon Federal Army(Y.F.A)နဲ့ God Of Death Army(G.O.D)မြို့ပြပျောက်ကြားတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းကာ Rangoon UG Column အနေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
Yangon Federal Army(Y.F.A)နဲ့ God Of Death Army(G.O.D)မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဟာ ရန်ကုန်အခြေစိုက်တွေဖြစ်ပြီး နှစ်ဖွဲ့ပူးပေါင်းကာ အထူးကွန်မန်ဒို အပတ်စဉ်(၁)သင်တန်းဆင်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါ အပတ်စဉ်(၂)သင်တန်းဆင်းပြီးချိန်ကစပြီး တော်လှန်ရေးညီနောင်မဟာမိတ် (၂)ဖွဲ့ကနေ Rangoon UG Column အနေနဲ့ ပြောင်းလဲဖွဲ့စည်းကာ ရန်ကုန်မြို့သိမ်းတိုက်ပွဲတွေအတွက် အထူးရည်ရွယ်ဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Rangoon UG Column(RUC)ရန်ကုန်မြို့ပြစစ်ကြောင်းဟာ တိုင်းရင်းသား၊ လူမျိုးဘာသာပေါင်းစုံပါဝင်တဲ့ စစ်ကြောင်းဖြစ်တာကြောင့် ဘုံရည်ရွယ်ချက်တူညီတဲ့ ဘယ်လိုတော်လှန်ရေးအဖွဲ့တွေနဲ့မဆို ပူးပေါင်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် R.U.C စစ်ကြောင်းရဲ့ သင်တန်းအပတ်စဥ်(၃)ကိုလဲ မကြာခင် ပြန်လည် စတင်တော့မှာဖြစ်ပြီး တပ်သားသစ်တွေကို ခေါ်ယူနေပြီလို့ ပြောဆိုထားပါတယ်။
တပ်သားသစ်တွေအနေနဲ့ အသက် ၁၈နှစ်ပြည့်ပြီးကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး တော်လှန်ရေးကြီးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်သလို စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာနိုင်သူနဲ့ တိုင်းပြည်နဲ့ တော်လှန်ရေးအပေါ် သစ္စာစောင့်သိရိုသေသူဖြစ်ရမယ်လို့ သိရပါတယ်။