မေလ (၃၀)ရက်။
ဒီကနေ့ နံနက်ပိုင်းက ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ကောင်စီရဲ့ ခရိုင်ရုံးကို ချင်းပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ မတူပီခရိုင်ရုံးဟာ စိန်တလာန်ဒေသရှိ ငလိုင်နဲ့ ဖနိုင်ကြားမှာရှိပြီး စစ်ကောင်စီရဲ့ ခလရ(၁၄၀)လက်အောက်ခံစခန်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခရိုင်ရုံးကို CNA/CDF-CDF-မတူပီ တပ်မဟာ(၂)၊ စိန်တလာန်(Vakok တပ်ရင်း-၂)အဖွဲ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မတူပီခရိုင်ရုံးထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖနိုင်ကျေးရွာဘက်ကို ထွက်ပြေးသွားတာကြောင့် လိုက်လံရှင်းလင်းနေတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ CDF-မတူပီ တပ်မဟာ(၂) စိန်တလာန်(Vakok တပ်ရင်း(၂)က တပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ချင်းပြည်နယ်ထဲမှာ CC/CNA CDF-မတူပီ တပ်မဟာ(၂)ရဲ့ စိတ်တလာန်(Vakok တပ်ရင်း-၂)အနေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။