ဇွန်လ (၂၄)ရက်။
စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံတာမပြုလုပ်ဘဲ သပိတ်မှောက် ကံဆောင်ဖို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာဟောင်းတွေက ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဘုရားသာသနာကို ဖြိုချပြီး စစ်သာသနာကို တည်ထောင်ဖို့နဲ့ စစ်ကျွန်လူမှုအဖွဲ့အစည်း ထူထောင်ဖို့ အားလုံးကိုဖြိုချဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ အစီအမံကို အချိန်မနှောင်းမီ ပူးပေါင်းပါဝင်ဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။
“ ဒီသပိတ်ကံဆောင်တာနဲ့ပတ်သက်ပြီး ပြောစရာဆိုစရာရှိပါက ပြောဆိုနိုင်ပါတယ်…ဘုရား။ ပြောမည်ဆိုမည့် မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုရင်…ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…ဘုရား” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သာသနာတော် အဆုံးအမနဲ့ နှစ်ပေါင်း (၁၀၀)ကျော် ခိုင်မြဲလာခဲ့တဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု လူ့အဖွဲ့အစည်းကနေ စစ်အာဏာရှင် ကြိုးဆွဲရာကရတဲ့ စစ်ကျွန်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေတာကို သတိပြုဖို့ကိုလဲ ရေးသားထားပါတယ်။
စစ်အာဏာရှင်တို့ဟာ သူတို့အလိုကျခိုင်းစေလို့ရမယ့် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်(မဘသ)ဆိုတဲ့ သဘောတရားသွတ်သွင်းပြီး ဥစ္စာပစ္စည်းတွေ၊ ငွေကြေးတွေနဲ့ စည်းရုံးနေတာ အချိန်တစ်ခု ကြာခဲ့ပြီဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အင်အားချိနဲ့လာတဲ့ စစ်အာဏာရှင်တို့ဟာ သံဃာအဆောက်အဦကို သူတို့အလိုကျ ကြိုးဆွဲစေခိုင်းအသုံးချဖို့ နောက်ဆုံးအကဲစမ်းပွဲတစ်ခုကို ပြင်ဆင်နေကာ ဝင်းနိမ္မိတာရုံဆရာတော်ကဲ့သို့ အထင်ကရဆရာတော်ကြီးတစ်ပါးကို လုပ်ကြံသတ်ဖြတ်ပြီး အကဲစမ်းနေပြီလို့ ထုတ်ပြန်ထားပါတယ်။
အခုလို သေစေနိုင်တဲ့ ကျည်ဆံဟာ ဆရာတော်ကြီးကို ထိတာမဟုတ်ဘဲ သာသနာတော်ကို ထိတာလို့ ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ကျေးဇူးစကားနဲ့ သံဝေဂမှတ်တမ်းမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။